မြို့သစ်မြို့နယ်၌ ပဲတီစိမ်းသီးနှံများ လှိုင်လှိုင်ထွက်ပေါ်၍ ဈေးကောင်းရ

Powered by Drupal

မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်အတွင်းရှိ ကျေးရွာများတွင် နှမ်း၊ မြေပဲ၊ ဆန်စပါး၊ ကြက်သွန်နီနှင့် ပဲမျိုးစုံသီးနှံတို့ကို နှစ်စဉ်စိုက်ပျိုးလျက်ရှိရာ အောင်ချမ်းသာ၊ သဖန်းကုန်း၊ လင်းလည် စသည့်ကျေးရွာများတွင် ပဲတီစိမ်းသီးနှံစိုက်ဧက ၂၀၀ဧကခန့်စိုက်ပျိုးထားရှိကြောင်းသိရသည်။
ဩဂုတ်လကုန်-စက်တင်ဘာဆန်းလတွင် စတင်စိုက်ပျိုးပြီး နိုဝင်ဘာလတွင် လှိုင်လှိုင်ထွက်ပေါ် ကြောင်း၊ မျိုးစေ့အနေဖြင့် ပဲတီစိမ်း(ကျောက်စိမ်း)နှင့် (မြကြေးမုံ) တို့ဖြစ်ပြီး ပဲတီစိမ်း(ကျောက်စိမ်း)ကို အများဆုံးစိုက်ပျိုးကြကြောင်း၊ တစ်ဧကလျှင် မျိုးစေ့ (၉) ပြည်ခန့်ကုန်ကျပြီး ထွန်ကြောင်းဆွဲ၍ ကြဲပက်စနစ်ဖြင့် စိုက်ပျိုးကြောင်း၊ မျိုး၊ သွင်းအားစု၊ လုပ်သားခအပါအဝင် စိုက်ပျိုးကုန်ကျစရိတ် ငွေကျပ်၆၀၀၀၀၀ခန့်ကုန်ကျကြောင်း၊ အထွက်နှုန်းအနေဖြင့် (၁၂-၁၅)တင်းခန့်ထွက်ရှိပြီး ငွေကျပ်၆၀၀၀၀၀ကျော်အကျိုးအမြတ်ရရှိကြောင်းသိရသည်။
၂၀၂၄ခုနှစ်၊ နိုဝင်ဘာလ (ပထမပတ်)တွင် ပဲတီစိမ်းတစ်တင်းလျှင် ငွေကျပ် ၇၉၀၀၀-၈၁၀၀၀ ဖြင့်အရောင်းအဝယ်ဖြစ်ကြောင်း၊ ဈေးကွက်အနေဖြင့် တောင်တွင်းကြီးမြို့နှင့် မကွေးမြို့သို့ သွားရောက် ရောင်းချပြီး ထိုမှတစ်ဆင့် ရန်ကုန်မြို့သို့ တင်ပို့ရောင်းချကြောင်း၊ ယခုနှစ်တွင် ပဲတီစိမ်းအထွက်နှုန်း အနည်းငယ်လျော့နည်းသော်လည်း ဈေးကောင်းရရှိသောကြောင့် အကျိုးအမြတ်များရရှိကြောင်း တောင်သူထံမှသိရပါသည်။
DOCA(မကွေး)