ဆိပ်ဖြူမြို့နယ်တွင် ကြက်သွန်နီဇော်မွှားမျိုးဥ ဈေးတက်ပြီး အရောင်းအဝယ်ဖြစ်နေ

Powered by Drupal

        မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ဆိပ်ဖြူမြို့နယ်သည် စိုက်ပျိုးရေးကိုအခြေပြု၍ ဒေသစီးပွားဖြစ်လုပ်ကိုင်ကြရာ မြို့နယ်အတွင်းရှိ စိုက်တောင်သူများသည် ကြက်သွန်နီသီးနှံကို အဓိကအားထားစိုက်ပျိုးကြသည်။ သီးနှံမျိုးစုံအနက် ကြက်သွန်နီ မိုးစိုက်၊ ဥစိုက် စိုက်ပျိုးမှုကိုလည်း နှစ်စဉ်မပြတ်စိုက်ပျိုးပြီး ကိုင်းကျွန်းမြေမာများတွင် စိုက်ဧက(၉၀၀)ခန့်စိုက်ပျိုးကြောင်းသိရှိရသည်။ အစေ့ပက်ပျိုးပင်မှရရှိသော ဇော်မွှားမျိုးဥကို စိုက်ပျိုးကြောင်းသိရှိရသည်။ တောင်သူများအနေဖြင့် တစ်ဦးနှင့်တစ်ဦး နွားရှဉ်းငှားရမ်းမှုနှင့် အလုပ်သမားအခက်အခဲများကြောင့် စိုက်ပျိုးချိန်မတူညီကြောင်း၊ အောက်တိုဘာလဆန်းမှစ၍ နိုဝင်ဘာလကုန်အထိစိုက်ပျိုးကြောင်း၊ ဥစိုက်ရာသီတွင် ကြက်သွန်နီ ဇော်မွှားမျိုးဥများလည်း အရောင်းအဝယ် လှိုင်လှိုင်သွက်လျက်ရှိကြောင်းသိရှိရသည်။

              ဇော်မွှားမျိုးဥဈေးနှုန်းအနေဖြင့် ဒေသတွင်းကြက်သွန်နီအရောင်းအဝယ်ဖြစ်နေသော ဈေးကွက်အပေါ်မူတည်၍ ပြောင်းလဲမှုဖြစ်လျက်ရှိသည်။ အောက်တိုဘာလဆန်းပိုင်းတွင် ဇော်မွှားမျိုးဥတစ်ပိဿာလျှင် ငွေကျပ်(၄၀၀၀-၄၅၀၀)ဈေးဖြင့်အရောင်းအဝယ်ဖြစ်ပြီး ပြည်ပအဝယ်လိုက်၍ ကြက်သွန်နီဈေးနှုန်းများ တရိပ်ရိပ်မြင့်တက်လာ၍ ဇော်မွှားမျိုးဥဈေးနှုန်းများမှာလည်း နိုဝင်ဘာလဆန်းပိုင်းတွင် တစ်ပိဿာလျှင် ငွေကျပ်(၆၅၀၀-၇၀၀၀)ထိဈေးတက်ပြီး အရောင်းအဝယ်ဖြစ်ကြောင်း၊ ယခုနှစ်တွင် ကြက်သွန်နီမျိုးဥ ဈေးမြင့်တက်သော်လည်း စိုက်ပျိုးချိန်တွင် ဒေသတွင်းကြက်သွန်နီဈေးကွက်ကောင်း၍ စိုက်တောင်သူများက ကြက်သွန်နီဥစိုက်စိုက်ပျိုးမှုကို ယခင်နှစ်ထက် တိုးချဲ့စိုက်ပျိုးလျက်ရှိကြောင်းသိရှိရပါသည်။

DOCA(မကွေး)