“ ဒလမြို့နယ် ကမာကဆစ်ဈေးနှင့် ရပ်ကွက်များရှိ ဆေးဆိုင်များသို့ ပူးပေါင်းအဖွဲ့ဖြင့် ဈေးကွက်အတွင်း ကွင်းဆင်းစစ်ဆေးခြင်း ”

Powered by Drupal

                 ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဒလမြို့နယ် ကမာကဆစ်ဈေးနှင့် ရပ်ကွက်များရှိ ဆေးဆိုင်များသို့ နိုဝင်ဘာလ(၁၉)ရက်နေ့၊ နေ့လယ်(၁၀း၃၀)အချိန်တွင် ဆေးဝါးအမျိုးမျိုးနှင့် စားသောက်ကုန်ပစ္စည်းများ ဝယ်ယူစားသုံးရာ၌ အစားအစာဘေးအန္တရာယ်ကင်းရှင်းစေရေးနှင့် ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရေးတို့အတွက် ကမာကဆစ်ဈေးအတွင်း/ အပြင်၌ ဖြန့်ဖြူးရောင်းချပေးလျှက်ရှိသော အခြေခံစားသောက်ကုန်ပစ္စည်းအရောင်းဆိုင်များနှင့် ကမာကဆစ်ရပ်ကွက်အတွင်းရှိ ဆေးအမျိုးမျိုးအရောင်းဆိုင်များသို့ ဌာနဆိုင်ရာများပူးပေါင်းအဖွဲ့ဖြင့် ဈေးကွက်အတွင်း ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

                ထိုသို့ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် ဒလမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ မြို့နယ်ဆရာဝန်ဒေါက်တာထွန်းဝင်းနှင့်ဝန်ထမ်းများ၊ ပျော်ဘွယ်ကြီးတိုက်နယ်ဆရာဝန် ဒေါက်တာအောင်လင်းဦး၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီဌာနမှ ဒု-ဦးစီးမှူး ဒေါ်ထက်ထက်စုလှိုင်၊ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ ဦးစီးအရာရှိဦးငြိမ်းကိုလတ်နှင့် ဝန်ထမ်းများ၊ မြို့နယ်ရဲတပ်ဖွဲ့မှ ဒုရဲအုပ်ဦးအောင်အောင်နိုင်နှင့် တပ်ဖွဲ့ဝင်များ၊ စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဦးသန်းနိုင်နှင့်ဝန်ထမ်းများ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ဈေးတာဝန်ခံဦးဌေးဝင်တို့ ဌာနဆိုင်ရာများပူးပေါင်းအဖွဲ့သည် အခြေခံစားသောက်ကုန်ပစ္စည်းများဖြစ်သော ငရုပ်သီးအစိမ်းမှုန့်၊ ငရုပ်သီးအလှော်မှုန့်၊ နနွင်းမှုန့်၊ သရက်ချဉ်၊ မျှစ်ချဉ်၊ ပဲပြား၊ စိမ်းစား ငပိတို့တွင် သက်ဆိုင်ရာဌာနများမှထုတ်ပြန်ထားသော အစားအသောက်များ၌ ထည့်သွင်းသုံးစွဲရန်ခွင့်မပြုသည့် တားမြစ်ဓာတုပစ္စည်းများအလွန်အကျွံထည့်သွင်းအသုံးပြုထားခြင်းရှိ/ မရှိ၊ စိမ်းစားငပိတို့တွင် ထည့်သွင်းသုံးစွဲရန်မသင့်သော တားမြစ်ဆိုးဆေး Rhodamin B များသုံးစွဲထားခြင်းရှိ/ မရှိတို့အားသိရှိနိုင်ရန်အတွက် အခြေခံစားသောက်ကုန်ပစ္စည်းများနှင့် စိမ်းစားငပိတို့အား နမူနာအဖြစ်ဝယ်ယူသွားခဲ့ပြီး ရပ်ကွက်အတွင်းရှိ ဆေးဆိုင်များမှ ဖြန့်ဖြူးရောင်းချလျှက်ရှိသော ဆေးဝါးများတွင် FDA က ခွင့်ပြုထောက်ခံချက်ပါရှိခြင်းရှိ/ မရှိ၊ သက်ဆိုင်ရာဌာနများမှ တားမြစ်ထားသောဆေးဝါးများ၊ ခွင့်ပြုသက်တမ်းကျော်လွန်နေသောဆေးဝါးများ၊ ဈေးကွက်အတွင်း ဖြန့်ဖြူးရောင်းချနေခြင်းများမရှိစေရေးတို့အတွက် ဌာနဆိုင်ရာများပူးပေါင်းအဖွဲ့ဖြင့် အသေးစိတ်ကြည့်ရှု ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)