စားသုံးသူရေးရာဦးစီးဌာန၊ မြန်အောင်မြို့နယ်ဦးစီးမှူးသည် (၁၇-၁၁-၂၀၂၄)ရက်နေ့၊ နံနက် (၁၁:၀၀) နာရီအချိန်တွင် မြန်အောင်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ဆန်စပါးသိုလှောင်ရုံများ အွန်လိုင်းစနစ်ဖြင့် သိုလှောင်ရုံမှတ်ပုံတင်ခြင်းအကြောင်း အသိပညာပေးTalk Show အစီအစဉ်ကိုဆောင်ရွက်ခဲ့ပါသည်။
အဆိုပါအစီအစဉ်တွင် မြို့နယ်ဦးစီးမှူး ဦးမြင့်အောင်က ဆန်စပါးသိုလှောင်ရုံမှတ်ပုံတင်ခြင်းနှင့်စပ်လျဉ်း၍ ပြည်တွင်း၌ ဆန်စပါးဖူလုံရေး၊ ပြည်ပသို့ စနစ်တကျတင်ပို့နိုင်ရေး၊ ဆန်စပါးဈေးနှုန်းဈေးကွက်နှင့် ဈေးနှုန်းတည်ငြိမ်မှန်ကန်ရေး၊ ဆန်စပါးသိုလှောင်ရုံတည်ရှိမှုအခြေအနေများကို စနစ်တကျစာရင်းပြုစုမှတ်တမ်းတင်နိုင်ရေး၊ သိုလှောင်ရုံကုန်အမှတ်လက်ခံရေးတို့ကိုအခြေပြုသည့် ငွေကြေးထောက်ပံ့မှုစနစ်ကိုဖော်ဆောင်နိုင်ရေးတို့အတွက် ပြည်တွင်း၌ လုပ်ကိုင်ဆောင်ရွက်လျက်ရှိသည့် ဆန်စပါးသိုလှောင်ရုံမှတ်ပုံတင်ခြင်းကို ၂၀၂၃ခုနှစ်၊ နိုဝင်ဘာလမှစတင်၍ www. myro. com. mm တွင် မှတ်ပုံတင်နိုင်ကြောင်း အသိပေးကြေငြာထားပြီးဖြစ်ပါသည်။ ဆန်စပါးလုပ်ငန်းရှင်များအနေဖြင့် မိမိတို့သိုလှာင်ရုံသည် ဆန်တန်ချိန်အားဖြင့် ၅၀တန်၊ စပါးတင်းအနေဖြင့် ၅၀၀၀အိတ်အထက်မှစ၍ သိုလှောင်ရုံမှတ်ပုံတင်ရမည်ဖြစ်ပြီး၊ ၂၀၂၄ခုနှစ်၊ အောက်တိုဘာလ ၂၄ရက်နေ့မှစ၍ ဆန်တန်ချိန် (၂၅)နှင့်အထက် သိုလှောင်ရုံ သို့မဟုတ် စပါးတင်း ၂၅၀၀ နှင့်အထက် သိုလှောင်ရုံတစ်မျိုးမျိုးကို ပိုင်ဆိုင်ထားသူများပါ သတ်မှတ်ထားသည်များနှင့်အညီ လျှောက်ထားရမည်ဖြစ်ကြောင်း ပြင်ဆင်သတ်မှတ်ထားခြင်း စသည်တို့ကို အကျယ်တဝင့်ရှင်းလင်းဆွေးနွေးခဲ့ကြောင်းသိရှိရပါသည်။
DOCA(ဧရာဝတီ)