ထိုင်းနိုင်ငံ၏ စီးပွားရေးမူလခန့်မှန်းထားသည်ကိုကျော်ဖြတ်ကာ ၂.၇ ရာခိုင်နှုန်းကြီးထွားနိုင်ကြောင်း ဝန်ကြီးချုပ်ပြောကြား

Powered by Drupal

         ယခုနှစ်တွင် ပြည်ပခရီးသွား ၃၆သန်းလာရောက်လာပတ်ပြီး ၂၀၂၃ခုနှစ်ထက် ၂၈ရာခိုင်နှုန်းမြင့်တက်လာနိုင်ရန် မျှော်မှန်းရသောကြောင့် ထိုင်းနိုင်ငံ၏စီးပွား‌ရေးသည် ၂.၇ ရာခိုင်နှုန်းကြီးထွားလာနိုင်ကြောင်း ထိုင်းနိုင်ငံဝန်ကြီးချုပ်ဖြစ်သူ Paetongtarn Shinawatra က နိုဝင်ဘာလ ၂၁ရက်နေ့တွင်ပြောကြားခဲ့ပါသည်။ အရှေ့တောင်အာရှ၏ စီးပွားရေးအင်အား ဒုတိယ အကြီးမားဆုံးနိုင်ငံသည် ၂၀၂၅ခုနှစ်တွင်လည်း စီးပွားရေးမှာ ခန့်မှန်းထားသည်ထက် ကြီးထွားလိမ့်မည်ဖြစ်ပြီး အစိုးရသည်လည်း အမေရိကန်ဒေါ်လာ ၂၇.၇၄ ဘီလီယံကျော်အသုံးပြုကာရင်းနှီးမြှုပ်နှံမှုအရှိန်မြှင့်တင်မည်ဖြစ်ကြောင်းနှင့် နိုင်ငံ၏စီးပွားရေးသည် နာလံထူလာသည့် အဆင့်တွင်ရောက်ရှိနေဖြစ်ကြောင်း Ms.Paetongtarn က စီးပွားရေးဖိုရမ်တွင်ပြောကြားခဲ့ ပါသည်။ ထိုင်းနိုင်ငံ၏စီးပွားရေးသည် ဇူလိုင်လမှ စက်တင်ဘာလကာလအတွင်း ၂၀၂၃ခုနှစ်၏ တူညီသည့်ကာလထက် ၃ရာခိုင်နှုန်းကြီးထွားခဲ့ပြီး ခန့်မှန်းမှုများကိုချိုးဖြတ်နိုင်ခဲ့ကြောင်း သိရပါသည်။ သို့သော် တာဝန်ရှိသူများနှင့် အကဲဖြတ်လေ့လာသူများကမူ ၂၀၂၅ခုနှစ်တွင် ကုန်သွယ်ရေးစစ်ပွဲမှ ဆိုးကျိုးအပါအဝင် စိန်ခေါ်မှုများမြင့်တက်လာနိုင်ကြောင်း ခန့်မှန်းမှုများရှိနေသည်ဟုသိရပါသည်။ Ms.Paetongtarn က အကယ်၍ အမေရိကန်နိုင်ငံက တရုတ်နိုင်ငံနှင့် ထိုင်းနိုင်ငံပါဝင်သော ၎င်းတို့ကုန်သွယ်ရေးလိုငွေပြသည့်နိုင်ငံများအပေါ် အရေးယူမှုများ ဆောင်ရွက်ပါက ထိုင်းအစိုးရသည် ပံ့ပိုးပေးနိုင်မည့်စီမံချက်များကိုရှာဖွေနေကြောင်း၊ အစိုးရသည် ၂၀၂၇ခုနှစ် သက်တမ်းကုန်မည့်အချိန်ထိ အခွင့်အာဏာဆက်ရှိနေမည်ဟုယုံကြည် ကြောင်းနှင့် ရင်းနှီးမြှုပ်နှံမှုအစီအစဥ်များပြောင်းလဲမည်မဟုတ်ဟု နိုင်ငံခြားသားများအား အခိုင်အမာပြောနိုင်ကြောင်းပြောကြားခဲ့ပါသည်။ ထိုင်းနိုင်ငံသည် GDP ၏ ၆၀ရာခိုင်နှုန်းကို ပြည်ပသို့တင်ပို့ပြီး ထိုတင်ပို့မှုထဲမှ ၁၀ရာခိုင်နှုန်းသည် အမေရိကန်နိုင်ငံသို့ဖြစ်ကြောင်းသိရပါသည်။ ထိုင်းအစိုးရသည် ဒီဇင်ဘာလ ၁၂ရက်နေ့တွင် အနာဂတ်မူဝါဒများပါဝင်သော ၎င်းတို့၏ ရက် ၉၀ တာစွမ်းဆောင်မှုကို ကြေညာမည်ဟုသိရပါသည်။ နိုင်ငံတော်စီမံကိန်းအေဂျင်စီကလည်း ၂၀၂၅ခုနှစ်အတွက် စီးပွားရေးကြီးထွားနှုန်းကို ၂.၃ ရာခိုင်နှုန်းမှ ၃.၃ ရာခိုင်နှုန်းကြား ခန့်မှန်းထားကြောင်းသိရပါသည်။ ၂၀၂၃ခုနှစ်တွင် ထိုင်းနိုင်ငံ၏ စီးပွားရေးကြီးထွားမှုနှုန်းမှာ ၁.၉ ရာခိုင်နှုန်းသာရှိခဲ့ကြောင်းသိရပါသည်။ နိုင်ငံ၏စီးပွားရေးသည် အားနည်းသည့်ကုန်ထုတ်လုပ်မှုကဏ္ဍနှင့် မြင့်မားသည့်အိမ်ထောင်စုအကြွေးများကြောင့် ကိုဗစ်ကပ်ရောဂါကာလအပြီးမှစ၍ နှေးကွေးစွာနာလံထူလျက်ရှိကြောင်းသိရပါသည်။

Bangkok Post

DOCA(ရန်ကုန်)