ကသာခရိုင် သကြားစက်များ သကြားတန်ချိန် ၆၃၀၀၀ ကျော် ထုတ်လုပ်နိုင်

Powered by Drupal

          ကသာခရိုင်ရှိ သကြားစက်များ ၂၀၂၂-ခုနှစ် မေလနောက်ဆုံးပတ်၌ ကြံရာသီ ပိတ်သိမ်းမည်ဖြစ်ပြီး ယခုနှစ် ကြံရာသီတွင် ဂရိတ်ဝေါဝေမာကုမ္ပဏီ သကြားစက်မှ ကြံတန်ချိန် ၅၈၀၀၀၀ ကျော်၊ မြတောင်သားသကြားစက်မှ ကြံတန်ချိန် ၂၅၀၀၀ ကျော်နှင့် UTP သကြားစက်မှ ကြံတန်ချိန် ၃၀၀၀၀ ခန့် ကြိတ်နိုင်ခဲ့သည့်အတွက် စုစုပေါင်း ကြံတန်ချိန် ၆၃၀၀၀၀ ကျော် ကြိတ်နိုင်ခဲ့သည်။ သကြားထုတ်လုပ်နိုင်မှုအနေဖြင့် ကြံဆယ်တန်ကြိတ်ပါက သကြားကုန်ချော တစ်တန်နှုန်း ထွက်ရှိ သည့်အတွက် သကြားတန်ချိန် ၆၃၀၀၀ ကျော် ထုတ်လုပ်နိုင်ခဲ့ကြောင်း သိရသည်။

          ၂၀၂၁-ခုနှစ် ကြံသီးနှံအား ၂၀၂၂-ခုနှစ် ဇန်နဝါရီလတွင် စတင်ထုတ်ယူကြိတ်ခွဲခဲ့ပြီး မေလမှာ အပြီးသတ်ကြိတ်ခွဲထုတ်လုပ်နိုင်ခဲ့ပါသည်။ ၂၀၂၁-ခုနှစ် ကသာခရိုင် ကြံစိုက်ဧက ၁၂၀၀၀၀ ကျော် စိုက်ပျိုးခဲ့ပြီး တစ်ဧက ပျှမ်းမျှအထွက်(၂၀)တန် ရှိသည့်အတွက် ကြံတန်ချိန် ၂၄၀၀၀၀၀ ထွက်ရှိခဲ့ သည်။ ကသာခရိုင်၊ ထီးချိုင့်မြို့နယ်ရှိ သကြားစက်(၃)စက်မှ ကြံတန်ချိန် ခြောက်သိန်းကျော် ကြိတ် နိုင်ခဲ့ပြီး ကျန်ကြံများမှာ မန္တလေးတိုင်းသကြားစက်များသို့ တင်ပို့ခြင်းနှင့် သကာရည်(ပွက်ရည်) ထုတ်လုပ်ရောင်းချခြင်းများရှိကြောင်း သိရသည်။

          ယခုနှစ် ကြံဝယ်ယူကြိတ်ခွဲရာ ကြံတောင်သူများအား ငွေပေးချေရာတွင် ဘဏ်များ၏ ငွေ ထုတ်ကန့်သတ်ချက်များကြောင့် အခက်အခဲအနည်းငယ်ရှိခဲ့ကြောင်း၊ သို့သော်လည်း ကြံတောင်သူ များနှင့် နားလည်မှုရယူပြီး ကြံဖိုးငွေနှင့် လုပ်အားခများပေးချေရန်  သကြားကုန်ချောများနှင့် အစားထိုး ပေးချေခဲ့ကြောင်း သိရသည်။ သကြားကုန်ချောများကို မန္တလေးသကြားပွဲရုံများသို့ တင်ပို့ရောင်းချပြီး မန္တလေးသကြားပွဲရုံများတွင် သကြားတစ်ပိဿာ ၁၉၅၀ ကျပ်ဈေးဖြင့် ဝယ်ယူကြောင်း မြတောင်သားသကြားစက်ပိုင်ရှင်ထံမှ သိရှိရသည်။

DOCA(စစ်ကိုင်း)