ပြည်ဈေးကွက်တွင် မြေပဲဆန်ဈေးများပြန်လည်မြင့်တက်လာ

Powered by Drupal

            ပြည်ဈေးကွက်တွင် မြေပဲဆန်ဈေးမှာ ယခုနိုဝင်ဘာလကုန်ပတ်တွင် လုံးဆန်ရော၊ ဆီဆန်ပါ ဈေးနှုန်းများမြင့်တက်လာခဲ့ပါသည်။ မိုးမြေပဲများဈေးကွက်လက်ကျန် အနည်းငယ်သာလက်ကျန်ရှိပြီး ဆောင်းမြေပဲများစိုက်ပျိုးချိန်ဖြစ်၍ ဈေးအနည်းငယ်ပြန်လည်မြင့်တက်လာပါသည်။ ယခုနိုဝင်ဘာလနောက်ဆုံးပတ်တွင် မြေပဲဆီဆန်(အဖြူ)တစ်ပိဿာလျှင် ၈၀၀၀ကျပ်၊ ဆီဆန် (အနီ)တစ်ပိဿာလျှင် ၈၀၀၀ကျပ်ဖြင့် ဈေးတူနေပြီး၊ လုံးဆန်(အဖြူ)တစ်ပိဿာလျှင် ၈၄၀၀ကျပ်၊ လုံးဆန်(အနီ)တစ်ပိဿာ လျှင် ၈၄၀၀ကျပ်ဖြင့် တစ်နေ့လျှင် ပိဿာ(၂၀)ဝင်အိတ် (၅၀၀)ခန့် အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ ယခင်အောက်တိုဘာလနောက်ဆုံးပတ်နှင့် နှိုင်းယှဉ်လျှင်ဆီဆန် (အဖြူ)တစ်ပိဿာလျှင် ၁၂၀၀ကျပ်၊ ဆီဆန်(အနီ)တစ်ပိဿာလျှင် ၁၂၀၀ကျပ်နှင့် လုံးဆန် (အဖြူ)တစ်ပိဿာလျှင် ၁၀၀၀ကျပ်၊ လုံးဆန် (အနီ)တစ်ပိဿာလျှင် ၁၀၀၀ကျပ်ဖြင့် ယခုလတွင် ဈေးနှုန်းများမြင့်တက်လာခဲ့ပါသည်။ မြေပဲဆန် စီးဆင်းမှုအနေဖြင့် ယခုအချိန်တွင် ပြည်အနီးပတ်ဝန်းကျင်ကျေးရွာများနှင့် ပေါက်ခေါင်းမြို့နှင့် ရွှေတောင်မြို့ရှိကျေးရွာများမှ အနည်းငယ်သာဝင်ရောက်မှုရှိပြီး လက်ကျန်မြေပဲဆန်များဖြင့် ဒေသတွင်းဆီစက်များ၊ အောင်လံနှင့် မကွေးဘက်မှ ဝယ်ယူမှုရှိသဖြင့် အရောင်းအဝယ်ပုံမှန်ဖြစ်လျက်ရှိပါသည်။ ပြည်ဈေးကွက်အတွင်းတွင် ယခင်မိုးမြေပဲများပေါ်စအချိန်တွင် မြေပဲဆန် နို့ဆီဘူးတစ်ဘူးလျှင် (၁၀၀၀) ကျပ်ဖြင့်ရောင်းချခဲ့ပြီး ယခုအချိန်ဖြစ်သော မြေပဲဆန်လက်ကျန်ရှားချိန်တွင် နို့ဆီဘူးတစ်ဘူးလျှင် (၁၂၀၀-၁၃၀၀)ကျပ်ဖြင့် ရောင်းချသဖြင့် ဈေးအနည်းငယ်မြင့်တက်လာသည်ကို တွေ့ရှိရပါသည်။

DOCA(ပဲခူး)