သင်္ဘောသီးဟာ မြန်မာနိုင်ငံအပါအဝင် အပူပိုင်းဒေသမှာ ပေါက်ရောက်တဲ့ အသီးအနှံဖြစ်ပြီး အာဟာရဓာတ်များစွာ ပါဝင်သည့်အတွက် စားသုံးသင့်သည့် အသီးအနှံဖြစ်သည့်အပြင် အလွယ်တကူစိုက်ပျိုးနိုင်ခြင်းကြောင့် အသီးများကို ရောင်းချ၍ အပိုဝင်ငွေရရှိသည့်အတွက် စိုက်ပျိုးသင့်သည့် သီးနှံဖြစ်ပါသည်။
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နှင့် နတ်ပေးကျေးရွာများတွင် သင်္ဘောပင်များကို မိမိတို့၏ နေအိမ်ခြံဝင်းများနှင့် ယာတောများတွင် တစ်ပိုင်တစ်နိုင် စိုက်ပျိုးကြသည်။ ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ပထမပတ်အတွင်း သင်္ဘောသီးများကို ကန့်ဘလူမြို့၊ မြို့မဈေးတွင် သင်္ဘောသီးအစိမ်းအသေးတစ်လုံးလျှင် (၁၀၀၀)ကျပ်၊ အကြီးတစ်လုံးလျှင် (၁၅၀၀)ကျပ်၊သင်္ဘောသီး မှည့်အသေးတစ်လုံးလျှင် (၂၅၀၀)ကျပ်နှင့် အကြီးတစ်လုံးလျှင် (၃၀၀၀)ကျပ်ဖြင့် ရောင်းချလျက်ရှိ ကြောင်းကုန်စိမ်းရောင်းချသူထံမှ သိရှိရသည်။
သင်္ဘောသီးအစိမ်းများကို အသုပ်အဖြစ် ပြုလုပ်၍သော်လည်းကောင်း၊ ဟင်းအဖြစ်ချက်ပြုတ် ၍သော်လည်းကောင်း အသုံးပြုကြသည်။ အစာလည်းဆေး ဆေးလည်းအစာဆိုသည့်အတိုင်း သင်္ဘောသီးမှည့်ကို စားသုံးခြင်းဖြင့် ဓာတ်တိုးဆန့်ကျင်ပစ္စည်းများ ကြွယ်ဝသောကြောင့်ရောင်ရမ်းမှုကိုကျဆင်းစေခြင်း၊ အရွယ်တင်နုပျိုနိုင်စေခြင်းနှင့် ရောဂါများကို နှိမ်နင်းနိုင်ခြင်းစသည့် အကျိုးကျေးဇူးများကို ရရှိစေနိုင်ပါသည်။
DOCA(စစ်ကိုင်း)