ဟင်္သာတခရိုင်တွင် သီးထပ်အဖြစ် ပြည်ပပို့ကုန်မတ်ပဲကို အများဆုံးစိုက်ပျိုးလျက်ရှိ

Powered by Drupal

     ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတခရိုင်သည် ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင် မိုးစပါးစိုက်ဧက ၂၅၃၁၇၀ ဧက ရှိပြီး၊ မိုးစပါးရိတ်သိမ်းပြီချိန်၌ သီးထပ်အဖြစ် မတ်ပဲကို ဟင်္သာတမြို့နယ်တွင် ၁၄၀၀၀၀ ဧကခန့်၊ဇလွန်မြို့နယ်တွင် ၇၀၀၀၀ ဧကခန့်၊ လေးမျက်နှာမြို့နယ်တွင် ၄၀၀၀၀ ဧကနှင့် စုစုပေါင်း ၂၅၀၀၀၀ ဧက ခန့်ဖြင့် အများဆုံစိုက်ပျိုးပြီး ကျန်စိုက်ဧကများတွင် ပဲတီစိမ်း၊ ပဲလွန်းဖြူ၊ ပဲလွန်းနီ နှင့် ပဲကြီးတို့ကို စိုက်ပျိုးကြပါသည်။ မတ်ပဲမျိုးအဖြစ် စာပါးစပ်၊ ရေဆင်း ၄ ၊ TBL-9 နှင့် ဟင်္သာတလုံးကြီးမျိုးများကိုစိုက်ပျိုးကြပြီး ယခုနှစ်တွင် မိုးနှောင်းကောင်း၍ မိုးရွာချိန်များ သဖြင့် နိုဝင်ဘာလ ပထမပတ် မှ မတ်ပဲကိုစတင်စိုက်ပျိုးနိုင်ပြီး နိုဝင်ဘာလကုန်တွင် အချိန်မီစိုက်ပျိုး နိုင်ရေး တောင်သူများ အင်တိုက် အားတိုက် စိုက်ပျိုးလျက်ရှိကြပါသည်။

    မတ်ပဲသီးနှံသည်မြန်မာနိုင်ငံ၏အဓိကပို့ကုန်တစ်ခုဖြစ်ပြီး အိန္ဒိယ၊ တရုတ်၊ စင်္ကာပူ၊ အင်ဒိုနီး ရှား၊ မလေးရှား၊ ပါကစ္စတန်၊ ဂျပန်နှင့် ဖိလစ်ပိုင်နိုင်ငံတို့ကို တင်ပို့ရောင်းချပြီး စိုက်ပျိုးထွက်ရှိမှု၏ ၈၅ ရာခိုင်နှုန်းကို တင်ပို့ရောင်းချကြပါသည်။ ဟင်္သာတခရိုင်အနေဖြင့် မတ်ပဲစိုက်ဧက ၂၅၀၀၀၀ တွင် တစ်ဧကပျမ်းမျှ ၁၅ တင်းခန့်ထွက်ရှိနိုင်ပြီး စုစုပေါင်း မတ်ပဲတင်း ၃၇သိန်း ၅သောင်းခန့် ၊ တန်ချိန် အားဖြင့် တန်ချိန် ၁၂၅၀၀၀ ခန့်ထွက်ရှိပါသည်။မျိုးနှင့်အလေ့အလွင့် အတွက် တန်ချိန် ၂၀၀၀၀ခန့် နှုတ်ပြီး တန်ချိန် ၁၀၅၀၀၀ ခန့်ကို နှစ်စဉ် ဘုရင့်နောင်ဈေးကွက်မှတစ်ဆင့် ပြည်ပသို့ တင်ပို့ရောင်းချလျက်ရှိပါသည်။

     ယခင်နှစ် မတ်ပဲအသစ်ပေါ်ချိန် ၂၀၂၄ ခုနှစ် မတ်လကုန် ဧပြီလဆန်းတွင် ဟင်္သာတ ဈေးကွက်၌ မတ်ပဲ Raw တစ်တင်းလျှင် ၉၆၀၀၀ ကျပ်ခန့်ရှိပြီး ၂၀၂၄ ခုနှစ် စက်တင်ဘာလတွင် ၁၃၁၅၀၀ ကျပ်ထိ ဈေးမြင့်တက်ခဲ့ပါသည်။ မတ်ပဲ တစ်ဧကကုန်ကျစရိတ်မှာ ပျမ်းမျှ ၇ သိန်းကျပ် ခန့်ရှိပြီး ပျမ်းမျှ အထွက်တင်း (၁၅) တင်းနှုန်းကို သီးနှံ စပေါ်ချိန်ဈေးနှင့်တွက်ပါက တောင်သူများ အနေဖြင့် တစ်ဧက ပျမ်းမျှ ၇သိန်းကျပ် ခန့် အမြတ်ရရှိနိုင်ပါသည်။ ယခု ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် ဆောင်းသီးနှံ စတင်စိုက်ပျိုးချိန် နိုဝင်ဘာလတွင်ပင် မတ်ပဲသီးနှံပေါက်ဈေးမှာ တစ်တင်းလျှင် ၁၁၅၀၀၀ ကျပ်ခန့် ရှိသဖြင့် ပဲစိုက်တောင်သူတို့ တွက်ချေကိုက် အကျိုးရှိစေနိုင်သော ဈေးနှုန်းလည်း ဖြစ်ပါသည်။

     ဟင်္သာတမြို့နယ်၊ စခန်းကြီးကျေးရွာမှ မတ်ပဲစိုက်တောင်သူ ဦးတင်အောင်ချိုက ယခုကာလ မတ်ပဲဈေးအရ တောင်သူများအနေဖြင့် မတ်ပဲကို ဝီရိယထားစိုက်ပျိုးရန်လိုအပ်ကြောင်း၊ ဆောင်းသီး နှံချေးငွေများကိုလည်း စိုက်ပျိုးရာတွင်အပြည့်အဝ သုံးစွဲဖို့လိုကြောင်း၊ မတ်ပဲအပင်၏ မြစ်ဖုများတွင် နိုက်ထရိုဂျင်ကြွယ်ဝသဖြင့် နောက်နှစ်မိုးစပါးအတွက်လည်း အကျိုးရှိကြောင်း၊ အောက်ရေမခမ်းခင် အချိန်မီစိုက်ပျိုးနိုင်ရေး တောင်သူများ ကြိုးစားစိုက်ပျိုးလျက်ရှိကြောင်း ပြောကြားပါသည်။

      မတ်ပဲသီးနှံသည် ယခင်နှစ်သီးနှံစပေါ်ချိန်မှစ၍ တစ်တင်းလျှင် ကိုးသောင်းကျပ်ကျော်နှင့် ဈေးစဖွင့်ခဲ့ပြီး ယခုနှစ် စတင်စိုက်ပျိုးချိန်တွင်ပင် တစ်သိန်းကျော် ဈေးပေါက်နေသဖြင့် ဟင်္သာတခရိုင်မှ မတ်ပဲစိုက် တောင်သူတို့ မျှော်လင့်ချက်အပြည့်ဖြင့် ကြိုးစားစိုက်ပျိုးနေသော ပြည်ပပို့ကုန် သီးနှံတစ်ခုဖြစ်ပါကြောင်း တင်ပြအပ်ပါသည်။

DOCA(ဧရာဝတီ)