ရေတာရှည်မြို့နယ်တွင် အခြေခံစားကုန်များအား mobile ယာဉ်ဖြင့် လှည့်လည်ရောင်းချပေး

Powered by Drupal

               တောင်ငူခရိုင် ရေတာရှည်မြို့နယ်အတွင်း ကုန်ဈေးနှုန်းတည်ငြိမ်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ လမ်းညွှန်မှုဖြင့် မြို့နယ်အတွင်းရှိ ဆန်ကုန်သည်နှင့်ဆန်စက်လုပ်ငန်းရှင်များ၊ ဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များ၊ ကိုယ်တိုင်စိုက်ပျိုးမွေးမြူထုတ်လုပ်သူများက ဆန်၊ ဆီ၊ ကြက်ဥ နှင့် ဟင်းသီးဟင်းရွက်များကို အခြေခံလူတန်းစားများရာရပ်ကွက်များသို့ mobile ယာဉ်ဖြင့်သွားရောက်၍ သက်သာသောနှုန်းထားဖြင့် ရောင်းချပေးလျက်ရှိကြောင်းသိရသည်။

              ဒီဇင်ဘာလ ၃ ရက်နေ့တွင် ရေတာရှည်မြို့နယ်၊ အမှတ်(၅)ရပ်ကွက်နှင့် အမှတ်(၆) ရပ်ကွက်များရှိ အခြေခံလူတန်းစားများအား ဆန်တစ်ပြည်လျှင် ၃၀၀၀ ကျပ်၊ ဆီ ၅၀ ကျပ်သား တစ်ဗူးလျှင် ၄၂၀၀ ကျပ်၊ ကြက်ဥ တစ်လုံးလျဇင် ၄၀၀ ကျပ်ဖြင့်ရောင်းချပေးလျှက်ရှိရာ စားသုံးသူရေး ရာဦးစီးဌာန မြို့နယ်တာဝန်ခံ ဦးဇော်ဇော်ထွေးနှင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင် သာယာရေးအဖွဲ့တို့မှ တာဝန်ရှိသူများကကြီးကြပ်၍ ကူညီဆောင်ရွက်ပေးကြောင်းသိရသည်။

              ထို့အတူ စည်ပင်သာယာဈေးအတွင်း ရောင်းချလျက်ရှိသော အခြေခံစားကုန်များနှင့် သားငါးများ ဖြစ်သင့်ဖြစ်ထိုက်သည့်ဈေးနှုန်းထက် ပိုမို၍ရောင်းချခြင်းမပြုရန် သက်ဆိုင်ရာတာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း၊ ရေတာရှည်မြို့နယ်အတွင်းရှိ ဆွာမြို့၊ မြို့လှမြို့နှင့် ရေနီမြို့တို့တွင်လည်း သက်ဆိုင်ရာမြို့အုပ်ချုပ်ရေးမှူးများ၏ စီမံကွပ်ကဲမှုဖြင့် ဆန်၊ ဆီ၊ ကြက်ဥ၊ အခြေခံစားကုန်နှင့် ဟင်းသီးဟင်းရွက်များအား သက်သာသောနှုန်းထားဖြင့် ရောင်းချပေးလျက်ရှိကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)