ဆိပ်ဖြူကြက်သွန်နီ နိုဝင်ဘာလအတွင်းဖြစ်ပေါ်ခဲ့သော ဈေးနှုန်းဈေးကွက်နှင့် ကုန်စည်စီးဆင်းမှု

Powered by Drupal

     မကွေးတိုင်းဒေသကြီး၊ ဆိပ်ဖြူမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများသည် ကြက်သွန်နီ သီးနှံကို ဒေသစီးပွားဖြစ် နှစ်စဉ်မပြတ်စိုက်ဧက အများဆုံးစိုက်ပျိုးလျက်ရှိသည်။ ဆိပ်ဖြူမြို့ ကြက်သွန်နီ ဈေးကွက်သို့ ဒေသတွင်း ကြက်သွန်နီစိုက်ပျိုးထွက်ရှိသော ကျေးရွာများအပြင် အခြားမြို့နယ်များဖြစ်‌သော ပွင့်ဖြူ၊ စလင်း၊ ချောက်၊ ပခုက္ကူ ဒေသထွက် ကြက်သွန်နီများလည်း ဝင်ရောက် အရောင်းအဝယ် ဖြစ်လျက်ရှိသည်။ ကြက်သွန်နီဈေးကွက်သို့ အောက်တိုဘာလအတွင်းတွင် တစ်ရက်လျှင် ကုန်ချိန် ပိဿာ(၃)သောင်းမှ(၄)သောင်း၊ တစ်လအတွင်း ကုန်ချိန်ပိဿာ(၉)သိန်းခန့် ဝင်ရောက်ခဲ့ကြောင်း ဈေးကွက်မှ သိရှိရသည်။

          ဈေးနှုန်းအနေဖြင့် နိုဝင်ဘာလ(ပထမပတ်)တွင် ကြက်သွန်နီ တစ်ပိဿာလျှင် ကျပ်(၄၀၀၀-၃၇၀၀-၃၀၀၀-၂၆၀၀)ဈေးဖြင့်အရောင်းအဝယ်ဖြစ်ခဲ့ပြီး နိုဝင်ဘာလ(စတုတ္ထပတ်)တွင် ကြက်သွန်နီ တစ်ပိဿာလျှင် ကျပ်(၂၈၀၀)ဈေးဖြင့် အရောင်းအဝယ်ဖြစ်ခဲ့၍ နိုဝင်ဘာလအတွင်း ကြက်သွန်နီ တစ်ပိဿာလျှင် ကျပ်(၁၂၀၀)ခန့် ဈေးကျဆင်းခဲ့ကြောင်း၊ ဈေးနှုန်းကျဆင်းရခြင်းမှာ ဒေသတွင်း ဝယ်ယူစားသုံးမှုအပြင် ပြည်ပနိုင်ငံများမှ ဝယ်ယူမှုနည်း၍ ဈေးနှုန်းကျဆင်းကြောင်း သိရှိရသည်။

          ကုန်စည်စီးဆင်းမှုအနေဖြင့် နိုဝင်ဘာလအတွင်း ရန်ကုန်ဘုရင့်နောင်ပွဲရုံသို့ ကုန်ချိန်ပိဿာ (၆)သိန်း ကားအစီးရေ(၆၀)စီး၊ ပြည်၊ ပုသိမ်မြို့သို့ ကြက်သွန်နီ ပိဿာချိန်(၁)သိန်း ကားအစီး ရေ(၁၂)စီး၊ မြဝတီမြို့သို့ ပိဿာချိန် (၂)သိန်း ကားအစီးရေ (၁၀)စီး စုစုပေါင်းကြက်သွန်နီပိဿာချိန် (၉)သိန်းခန့် အိတ်ရေ ပျမ်းမျှ(၄)သောင်းခန့် တန်ချိန်အားဖြင့် (၁၄၇၀)တန်ခန့် ကုန်စည်စီးဆင်း ခဲ့ကြောင်း၊ ရန်ကုန်ဘုရင့်နောင်ပွဲရုံသို့ ကုန်ချိန်အများဆုံးတင်ပို့ပြီး ပြည်ပပို့ကုန်အဖြစ် မြဝတီမြို့မှ တစ်ဆင့် ထိုင်း၊ ဗီယက်နမ်နိုင်ငံများသို့ တင်ပို့ကြောင်း ဈေးကွက်မှ သိရှိရသည်။

DOCA(မကွေး)