မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပခုက္ကမြို့ မြို့မဈေးကြီးနှင့် ပန်းခြံဈေးတို့တွင် ၂၀၂၄ခုနှစ်၊ ဒီဇင်ဘာလ(ပထမပတ်) အစောပိုင်းတွင် ရာသီပေါ်ကုလားပဲရွက်များ စတင်ဝင်ရောက်ပြီး ဈေးအမြင့်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရသည်။ ပခုက္ကူမြို့နယ်သည် သီးနှံမျိုးစုံစိုက်ပျိုးရာမှ ဆောင်းသီးနှံကုလားပဲကိုလည်း အဓိက စိုက်ပျိုးကြပါသည်။ အောက်တိုဘာလတွင် စတင်စိုက်ပျိုးခြင်းဖြစ်၍ ယခုအချိန်တွင် ကုလားပဲပင်များ အောင်မြင်ဖြစ်ထွန်းလျက်ရှိပြီး အရွက်ဝေချိန်တွင် အညွှန့်များ ခူးပေးခြင်းဖြင့် အပွင့်အသီးလိုက်၍ အသီးတင်မှုများပြီး အထွက်နှုန်းကောင်းစေရန်အတွက် စိုက်တောင်သူအများစုသည် ကုလားပဲရွက်များခူး၍ ရောင်းချခြင်းများ ပြုလုပ်ကြပါသည်။ ယခုအချိန်တွင် ကုလားပဲရွက်များ ဈေးကွက်သို့ ဝင်ရောက် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရသည်။
ဈေးနှုန်းအနေဖြင့် ကုလားပဲရွက်(၁၀)ကျပ်သားလျှင် ငွေကျပ်(၁၀၀၀)၊ (၁)ပိဿာလျှင် ငွေကျပ် (၁၀၀၀၀)ဈေးဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း၊ ယခင်နှစ်ကဒေသတွင်း ကုလားပဲရွက်ပေါ်ချိန်တွင် (၁၀)ကျပ်သားလျှင် ငွေကျပ်(၈၀၀)၊ (၁)ပိဿာလျှင် ငွေကျပ်(၈၀၀၀) ဈေးဖြင့် အရောင်းအဝယ် ဖြစ်ခဲ့ ကြောင်း သိရသည်။ ကုလားပဲသီးနှံသည် စိုက်ပျိုးရာသီချိန်တွင် သီးနှံမျိုးစုံအနက်မှ ဓာတုဆေးဝါးသုံးစွဲမှု အနည်းဆုံး သီးနှံတစ်မျိုးဖြစ်၍ အပင်မှရရှိသော ကုလားပဲရွက်များကို ကြော်စားခြင်း၊ သုပ်စားခြင်း၊ ဟင်းရည်ချို ပြုလုပ်၍ စားသုံးခြင်းများ ပြုလုပ်ကြသည်။ ရာသီပေါ်ကုလားပဲရွက်သည် ကျန်းမာရေးနှင့် ညီညွတ်ပြီး အရသာမှာလည်း ဆိမ့်ပြီးလေးရာမှုရှိခြင်းကြောင့် ဈေးကောင်းသော်လည်း ဝယ်ယူစားသုံးမှု များကြောင်း သိရှိရပါသည်။
DOCA(မကွေး)