မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့ ပဲမျိုးစုံနှင့် ဆီထွက်သီးနှံမျိုးစုံရောင်းဝယ်ရေး ဈေးကွက်တွင် ဆီထွက်သီးနှံ မြေပဲများ နေ့စဉ်အရောင်းအဝယ်ဖြစ်လျက်ရှိရာ စိုက်ပျိုးမှုများသော ပခုက္ကူ၊ မြိုင်၊ ပေါက်၊ ရေစကြို၊ ယောနယ်ဒေသများနှင့် စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ကျေးရွာများမှထွက်ရှိသော မိုးမြေပဲ(အသစ်)များ ပခုက္ကူဈေးကွက်သို့ ဝင်ရောက်အရောင်းအဝယ်ဖြစ်လျက် ရှိပါသည်။ မိုးမြေပဲတူးဖော်ရိတ်သိမ်းပြီး ဆောင်းမြေပဲစိုက်ပျိုးချိန် ကြားကာလတွင် မြေပဲသစ်များ ဝင်ရောက်မှုနည်းသော်လည်း ဈေးကွက်သို့ ဝင်ရောက်လာသည့် မြေပဲဆံနှင့် မြေပဲအတောင့်များမှာ ဝယ်လိုအားကောင်းပြီး အရောင်းအဝယ်သွက်နေကြောင်း၊ ယခု ၂၀၂၄ခုနှစ်၊ ဒီဇင်ဘာလ(ပထမပတ်)တွင် ဈေးအမြင့်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပြီး ဈေးကွက်သို့ ဝင်ရောက်လာသော မြေပဲ အတောင့်နှင့် အဆံများကို မြို့ပေါ်ရှိ လှောင်လက် သမားများ၊ ဆီစက်လုပ်ငန်းရှင်များ အဝယ်လိုက်ခြင်းအပြင် ပြည်ပ တရုတ်နိုင်ငံမှလည်း ဝယ်လိုအား များလျက်ရှိ၍ ဈေးနှုန်းမြင့်တက်လျက်ရှိကြောင်း၊ မြေပဲဆံအရည်အသွေးနှင့် ဝယ်လိုအားပေါ်မူတည်၍ ဈေးအနိမ့်၊ အမြင့်ရှိကြောင်း သိရှိရသည်။ ပြည်တွင်းစားသုံးဆီ ဈေးကွက်တွင် ကျန်းမာရေးနှင့်ညီညွှတ်သည့် မြေပဲဆီသန့် သုံးစွဲမှုမြင့်မားလျက်ရှိ၍ ဒေသတွင်း ဆီစက်များတွင်ကျယ်စွာ ထုတ်လုပ်လျက်ရှိ၍ မြေပဲဆံဝယ်လိုအားကောင်းပြီး ဈေးနှုန်းကျဆင်းခြင်းမရှိဘဲ အရောင်းအဝယ်သွက်လျက်ရှိကြောင်း သိရှိရသည်။
ပခုက္ကူပွဲရုံဈေးကွက်တွင် ဖြစ်ပေါ်နေသော မြေပဲဈေးနှုန်းများမှာ ဒီဇင်ဘာလ(ပထမပတ်) အစောပိုင်းတွင် သီးနှံအရည်အသွေးလိုက်၍ မြေပဲအတောင့်(အခြောက်) တစ်ပိဿာလျှင် ကျပ်(၅၉၀၀ - ၄၀၀၀)၊ မြေပဲလုံးဆံနီ တစ်ပိဿာလျှင် ကျပ်(၈၉၀၀-၈၄၀၀)၊ မြေပဲလုံးဆံဖြူ တစ်ပိဿာလျှင် ကျပ်(၈၈၀၀-၈၄၀၀)၊ ဆီဆံ တစ်ပိဿာလျှင် ကျပ်(၇၆၀၀-၇၁၀၀)၊ မြေပဲဖတ်တစ်ပိဿာလျှင် (၅၇၅၀-၅၆၅၀) ဈေးဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ပြီး ယခင် နိုဝင်ဘာလ(စတုတ္ထပတ်)တွင် မြေပဲအတောင့် (အခြောက်) တစ်ပိဿာလျှင် ကျပ်(၆၀၀၀ - ၄၀၀၀)၊ မြေပဲလုံးဆံနီ တစ်ပိဿာလျှင် ကျပ်(၉၀၀၀-၈၃၀၀)၊ မြေပဲလုံးဆံဖြူ တစ်ပိဿာလျှင် ကျပ်(၉၀၀၀-၈၈၀၀)၊ ဆီဆံ တစ်ပိဿာလျှင် ကျပ်(၇၃၀၀-၇၁၀၀)၊ မြေပဲဖတ်တစ်ပိဿာလျှင် (၆၀၅၀-၅၈၀၀) ဈေးဖြင့် အရောင်းအဝယ်ဖြစ်ခဲ့၍ ယခင်တစ်ပတ်နှင့် ယခုတစ်ပတ်ဈေးနှုန်းနှိုင်းယှဉ်ပါက တစ်ပတ်အတွင်း မြေပဲတောင့် အဆံတစ်ပိဿာလျှင် ကျပ်(၁၀၀)ခန့် ဈေးအနည်းငယ်ကျဆင်းပြီး အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း၊ ပခုက္ကူမြေပဲဆံဈေး ဈေးကွက်သို့ မြေပဲဆံ (အသစ်)များ ဝင်ရောက်မှုနည်းသော်လည်းဒေသတွင်း ဆီစက်လုပ်ငန်းရှင်များမှ ဝယ်ယူမှုများခြင်းအပြင် ပြည်ပနိုင်ငံများမှ ဝယ်လိုအားကောင်း၍ မြေပဲဈေးနှုန်း သိသိသာသာကျဆင်းခြင်းမရှိ အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း ဈေးကွက်မှသိရှိရပါသည်။
DOCA(မကွေး)