ဆေးရွက်ကြီး စိုက်ပျိုးထွက်ရှိမှုအခြေအနေ

Powered by Drupal

          စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ တိုင်း/ခရိုင်ဦးစီးမှူး၏ လမ်းညွှန်ချက်ဖြင့် ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ ဌာနခွဲစာရေး ဒေါ်ဝါဝါကြည်သည် (၄.၅.၂၀၂၂)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် ပြည်တွင်းကုန်သွယ်မှု ဖွံ့ဖြိုးတိုးတတ်စေရေးအတွက် ပခုက္ကူမြို့နယ်၊ မြင်ဝင်းကျေးရွာ စိုက်တောင်သူ ဦးထွန်းဇော်ဝင်းအား ဆေးရွက်ကြီး စိုက်ပျိုးထွက်ရှိမှု အခြေအနေကို ကွင်းဆင်းလေ့လာမေးမြန်းခဲ့ပါသည်။

          စိုက်တောင်သူမှာ (၁)ဧကခန့်စိုက်ပျိုးထားရှိပြီး မိမိတို့အနေဖြင့် မိရိုးဖလာနှစ်စဉ်မပျက် စိုက်ပျိုးကြောင်း ဆေးရွက်ကြီးအား တော်သလင်းလတွင် စတင်စိုက်ပျိုးကြောင်း၊ စိုက်ပျိုးရာတွင် ရှေးဦးစွာ စိုက်ပျိုးမြေအား (၁)အိတ်လျှင် (၈၀၀၀၀)ကျပ်နှုန်း ဖြင့် မြေဆီ(၂)အိတ်နှင့် နွားချေး Faw ကား(၁)စီးလျှင် (၆၅၀၀၀)ကျပ်ဖြင့် နွားချေး(၂)စီးတို့အား ဝယ်ယူကျဲပက်ပြီး ထွန်စက်ဖြင့် တစ်နာရီ (၃၀၀၀၀)ကျပ်နှုန်းဖြင့် တစ်နာရီခွဲကြာ ခုတ်မောင်းရကြောင်း၊ စက်ခုတ်ပြီးမြေပေါ်တွင် နွားရှဉ်းဖြင့် (၁)မနက်လျှင်(၁၃၀၀၀)ကျပ်ဖြင့် (၃)မနက်ထွန်ရပြီး တန်ကြားပင်ကြား (၂)တောင်အကွာ မြောင်းများဆွဲ၍ ဆေးရွက်ကြီးပင် တစ်ပင်လျှင်(၁၀)ကျပ်ဖြင့် ပျိုးပင်(၇၀၀၀)ခန့်အား တစ်ဧကအတွက် စိုက်ပျိုးကြောင်း၊ ကွမ်းစားဆေး(ဗမာဆေး)ကိုသာ စိုက်ပျိုးကြောင်း သိရှိရပါသည်။

          စိုက်ပျိုးမြေမှာကုန်းပိုင်းဖြစ်၍ မိုးရွာသွန်းမှုအခြေအနေကိုလိုက်၍ ရေသွင်းရကြောင်း၊ ယခုနှစ်တွင် ရေ(၄)ကြိမ်သာသွင်းကြောင်း၊ ရေ(၁)ကြိမ်သွင်းလျှင် (၁)နာရီ(၆၀၀၀)ကျပ်နှုန်းဖြင့် (၈)နာရီသွင်းရပြီး အလုပ်သမား(၃)ဦးအား (၁)ဦးလျှင်(၆၀၀၀)ကျပ်နှုန်းဖြင့် ငှားရမ်းရကြောင်း၊ စိုက်ပျိုးပြီး ဆေးရွက်ကြီးပင်(၁)ပင်အား အရွက်(၉)ရွက်ခန့်သာထားရှိပြီး (၉)ရွက်ပြည့်လျှင် အရွက်သားများထူစေရန်နှင့် အရည်အသွေးပြည့်ဝစေရန်အတွက် ထိပ်ဖူးကိုချိုးနှိမ်ရကြောင်း၊ ဆေးရွက်ကြီးပင်အား စိုက်ပျိုးပြီး(၄)လပြည့်လျှင် ရိတ်သိမ်းကြောင်း၊ ရိတ်သိမ်းပြီးသော ဆေးရွက်များ၏ အလယ်ကျောရိုးအားထု၍ နေလှန်းရာတွင် ပြာသိုလတွင်လှန်းပါက(၃)ရက်၊ တပို့တွဲလတွင် လှန်းပါက(၄)ရက် နေလှန်းရကြောင်း၊ နေလှန်းပြီး ဆေးရွက်ခြောက်များအားထပ်ပြီး နှီးဖြင့်ယက်ထားသော ပုတ်များဖြင့်ထည့်၍ သိမ်းဆည်းထားကြောင်း၊ ယခုနှစ်တွင် ဆေးရွက်ကိုသာ ရိတ်သိမ်းပြီး ဆေးရိုး(၁)ပိဿာလျှင်(၃၀၀)ကျပ်သာ ဈေးနှုန်းရှိသောကြောင့် ဆေးရိုးခုတ်ရာတွင် ကုန်ကျစရိတ်များ၍ ဆေးရိုးများအား မခုတ်ဘဲ စိုက်ခင်းအတွင်းထားရှိပြီး မိုးဦးကျချိန်တွင် ထယ်ဖြင့် မြေလှန်၍ မြေဆွေးအဖြစ်ရရှိကြောင်း သိရှိရပါ သည်။

         ဆေးရွက်ကြီး(၁)ဧက၏ စိုက်ပျိုးကုန်ကျစရိတ်မှာ မြေပြုပြင်ရန် စက်ဖိုး၊ နွားရှဉ်းခ၊ သွင်းအားစုနှင့်နွားချေးဖိုး၊ ပိုးသတ်ဆေးဖိုး၊ အလုပ်သမားငှားရမ်းခစသည့် စုစုပေါင်းကုန်ကျစရိတ်မှာ (၉)သိန်းဝန်းကျင်ခန့်ရှိကြောင်း၊ယခင်နှစ်တွင် (၁)ပိဿာလျှင်(၁၆၅၀)ကျပ်ဈေးနှုန်းဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ပြီး ယခုနှစ်တွင် (၁)ပိဿာလျှင် ပျမ်းမျှ(၂၀၀၀)ကျပ်ဈေးနှုန်းဖြင့် ရောင်းချရမည်ဆိုလျှင် ဝင်ငွေအနေဖြင့် (၁)ဧကစိုက်ပျိုးလျှင် ပိဿာချိန်(၇၀၀)ထွက်ရှိ၍ ကျပ်(၁၄)သိန်းဝန်းကျင်ခန့်ရရှိပြီး အကျိုးအမြတ်အနေဖြင့် ကျပ်(၅)သိန်းခန့် ရရှိမည်ဖြစ်ကြောင်း၊ ကျွန်းမြေပေါ်တွင် စိုက်ပျိုးပါက (၁)ဧကလျှင် ပိဿာ(၉၀၀)ခန့်ထွက်ရှိပြီး အကျိုးအမြတ်ပိုမိုရရှိကြောင်း တောင်သူ၏ပြောကြားချက်အရ သိရပါသည်။ ယခုနှစ်တွင် ဆေးရွက်ကြီးများကို စိုက်တောင်သူမှ ရောင်းချခြင်းမရှိသေးဘဲ မိမိအိမ်တွင် သိုလှောင်သိမ်းဆည်းထားကြောင်း၊ ဆေးရွက်ကြီးများအား ပခုက္ကူမြို့ပေါ်ရှိဆေးလိပ်ခုံပိုင်ရှင် လုပ်ငန်းရှင်များမှ ကျေးရွာအထိ လာရောက်ဝယ်ယူခြင်းဖြစ်ကြောင်း သိရှိရပါသည်။

         ဆေးရွက်ကြီးသည် မြန်မာလူမျိုးများအနေဖြင့် သုံးစွဲမှုနည်းပါးသော်လည်း လူတိုင်းအတွက် အသုံးဝင်သော ကျန်းမာရေးဆေးဘက်ဝင်ပစ္စည်းတစ်မျိုးဖြစ်ကြောင်း၊ ပြည်တွင်းဆေးလိပ်ခုံလုပ်ငန်းတွင်လည်း သုံးစွဲမှုများကြောင်း၊ ခန္ဓာကိုယ်ယားယံခြင်းများဖြစ်ပေါ်ပါက ပိုးသတ်ဆေးအဖြစ် ဆေးရွက်ကြီးအရည်များကို သုတ်လိမ်းရာတွင်အသုံးပြုကြောင်း၊ ဆေးရွက်ကြီးကို နှစ်စဉ်မပျက် စိုက်ပျိုးခဲ့ရာတွင် ယခင်နှစ်များက ဆေးလိပ်စက်ရုံများလည်ပတ်ခြင်းရှိခဲ့၍ တောင်သူများမှထွက်ရှိသော ဆေးရွက်ကြီးနှင့်ဆေးရိုးများကို ဝယ်လိုအား၊ ရောင်းလိုအားကောင်း၍ ဈေးကောင်းရရှိခဲ့ပြီး ယခုနှစ်တွင် မိမိတို့ထွက်ကုန်များအား ဆေးလိပ်ခုံလုပ်ငန်းများနည်းပါးသွား၍ ကုန်ကြမ်းအဖြစ် သုံးစွဲမှုနည်းခြင်းကြောင့် ဝယ်လိုအားနည်း၍ ဈေးကွက်မရှိကြောင်း စိုက်တောင်သူများအနေဖြင့် ယခင်နှစ်များထက် စိုက်ဧကများလျော့နည်းသွားကြောင်း၊ မိမိတို့စိုက်ပျိုးထွက်ကုန် ဆေးရွက်ကြီးများကို ဝယ်ယူရောင်းချ ဖြန့်ဖြူးပေးမည့် ကုမ္ပဏီများ၊ လုပ်ငန်းရှင်များရှိပါက နှစ်စဉ်မပျက် တိုးချဲ့ စိုက်ပျိုးသွားမည်ဟု စိုက်တောင်သူ၏ ပြောကြားချက်အရ သိရှိရပါသည်။

DOCA(မကွေး)