စီးပွားဖြစ်စိုက်ပျိုးသင့်သော နဂါးမောက်သီးနှံအကြောင်း

Powered by Drupal

      နဂါးမောက်ပင်ကို မြန်မာနိုင်ငံတွင် ၁၉၉၅ ခုနှစ် မှစတင်စိုက်ပျိုး၍ ၂၀၀၀ ပြည့်နှစ် နောက်ပိုင်း တွင် စတင်တွင်ကျယ်လာကာ ၂၀၀၇ ခုနှစ်ခန့်မစ၍ စီးပွားဖြစ်ကျယ်ကျယ်ပြန့်ပြန့် စိုက်ပျိုးလာကြ သည်။ နဂါးမောက်ပင်သည် ဈေးကွက်အလားအာကောင်းသော သီးနှံတစ်မျိုးဖြစ်ပြီး ပိုးမွှားရောဂါ ကျရောက်မှုနည်းသောကြောင့် ဓာတုပစ္စည်းလွတ် စိုက်ပျိုးထုတ်လုပ်နိုင်သော သီးနှံတစ်မျိုးဖြစ်သည်။ အသီးပုံသဏ္ဍာန်နှင့်အသီးခွံအရောင်မှာ ဆွဲဆောင်မှုရှိသဖြင့် အိမ်နှင့်စားသောက်ဆိုင်များ၊ ပန်းခြံများ တွင်လည်း အလှပင်အဖြစ်စိုက်ပျိုးကြသည်။ မန္တလေးတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်မြောက်ပိုင်းနှင့် တောင်ပိုင်း၊ မကွေးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ နေပြည်တော်တို့တွင် ကျယ်ကျယ်ပြန့်ပြန့် စိုက်ပျိုးလျက်ရှိသည်။

          နဂါးမောက်ပင်သည် တောင်အာဖရိကတိုက်မှ စတင်ဆင်းသက်လာပြီး လွန်စွာ အေးသောရာသီ ဥတုနှင့်ပတ်ဝန်းကျင်တွင် နဂါးမောက်ပင် သေဆုံးစေနိုင်သည်ကို  သမိုင်းကြောင်းအရ လေ့လာသိရှိ ရပါသည်။ နဂါးမောက်ပင်သည် ရှားစောင်းနွယ်ပင်တို့၏ လက္ခဏာစရိုက်များ(Coctus)ဖြင့် ရှိသော် လည်း ပြင်းပြသောအပူရှိန်တို့အောက်တွင် ခံနိုင်ရည်မရှိသည်ကို တွေ့ရသည်။

          နှစ်စဉ်မိုးရေချိန်လက်မ၂၀မှ ၅၀ အတွင်းရရှိသော အပူပိုင်းဒေသနှင့်အပူလျော့ပိုင်းဒေသများသည် နဂါးမောက်စိုက်ပျိုးရန် အသင့်လျော်ဆုံးဖြစ်သည်။ စွတ်စိုသော အပူပိုင်းဒေသတွင် အပင်ကောင်း စွာဖြစ် ထွန်းသော်လည်း အသီးတင်မှုနည်းနိုင်သည်။ အမြင့်ဆုံးအပူချိန် (40 )နှင့် အနိမ့်ဆုံးအပူချိန်(-20℃ )  အကြားတွင်သာ အပင်ရှင်သန်နိုင်ပြီး (40 )နှင့်အထက်ရက်အတော်ကြာလျှင်သော် လည်း ကောင်း (-20℃ ) အောက် ရက်အတော်ကြာလျှင်သော်လည်းကောင်း အပင်၏အစိမ်းရောင်အပိုင်းသည်ဝါ၍ ပျော့ပုတ် သွားတတ်သည်။ အပူလွန်ခြင်းကြောင့် Central Core ပျက်စီးနိုင်သော်လည်း အေးလွန်းလျှင် Central Core ပျက်စီးပြီး အပင်သေစေနိုင်သည်။ Dry  Cold ထက် Wet Cold ကို ပိုကြိုက်သဖြင့် ဆောင်းရာသီတွင် ရေပေးရန်လိုအပ်သော အပင်မျိုးဖြစ်၍ စိုက်ပျိုးရန်အသင့်လျော်ဆုံးအပူချိန်မှာ ( 2℃ )မှ (29℃ )အတွင်းဖြစ်ပါသည်။

          နဂါးမောက်ပင်ဖြစ်ထွန်းအောင်မြင်စေရန်အတွက် ရေစိမ့်ဝင်မှုကောင်းသော သဲနုန်းမြေသည် အသင့်လျော်ဆုံးဖြစ်သည်။ သဲပါဝင်မှုနှုန်းမှာ ၁၀% မှ ၃၀% အတွင်းဖြစ်ပြီး မြေစေးတွင် အပင် ဖြစ်ထွန်းမှု နှေးကွေးပြီး အသီးသီးမှုနောက်ကျတတ်ပါသည်။ အသင့်လျော်ဆုံးမြေချဉ်ငံကိန်းမှာ PH 6.5-7.5 ဖြစ်ပါသည်။

နဂါးမောက်သီးကို မြန်မာအမည် နဂါးမောက်သီးနှင့် အင်္ဂလိပ်အမည် Dragon Fruit ဖြစ်သော် လည်း ဒေသအလိုက်အမည်များကွဲပြားနိုင်သည်။ ရုက္ခဗေဒအမည် Hylocereus သည်ပင် ဂရိဘာသာ အားဖြင့် Hyle- thicket ၊ cerew- candle ဆူးပါသော ဖယောင်းတိုင်ဟူ၍ဖြစ်သည်။ မူရင်းဒေသတွင် စပိန်ဘာသာဖြင့် Pitahaya ဟုခေါ်သည်။ Hylocereus Undortus သည် အသီးအခွံအနီရောင်းနှင့် အတွင်းသားမှာ အဖြူရောင်ဖြစ်သည်။ Hylocereus polyrhizus သည် အသီးအခွံအနီရောင်နှင့် အတွင်းသားများမှာ အနီရောင်ဖြစ်သည်။ Selenecereus megalanthus သည် အသီးအခွံအဝါရောင်နှင့် အတွင်းသားမှာ အဖြူရောင်ဖြစ်သည်။ ၎င်းမျိုးစိတ်(၃)မျိုးတွင် မျိုးစိတ်ပေါင်း(၂၆)မျိုးကျော်ပါဝင်သည်။

          နဂါးမောက်ပင်သည် သစ်ပင်များတွင်တွယ်ကပ်၍ ကပ်ပါးပင် True epiphytic အဖြစ်လည်း ကောင်း၊ ကျောက်တုံးများတွင် တွယ်ကပ်၍ Non- epiphytic အဖြစ်လည်းကောင်း ပေါက်ရောက်နိုင် သော အပင်မျိုးဖြစ်သည်။ သစ်သားတိုင်တွင် တွယ်ကပ်သောနည်းသည် နဂါးမောက်အတွက် အကောင်း ဆုံးစိုက်ပျိုးနည်းဖြစ်ပြီး အမြစ်ထွက်အားကောင်း၍ အပင်ကိုပိုမိုရှင်သန်ကာ ကြီးထွားမှုမြန်စေသည်။

          နဂါးမောက်ပင်စည်သည် များသောအားဖြင့် သုံးမြောင့်ပုံဖြစ်သည်။ အစေ့မှပေါက်သော အပင် ငယ်များသည် ပင်စည်(၄-၅-၆)မြောင့်ရှိသည်။ ပင်စည်မှာအစိမ်းရောင်ဖြစ်ပြီး အစာချက်လုပ်မှု လုပ်ဆောင်၍ အစိမ်းရောင်သုံးမြောင့်ပုံအရွယ်များရဲ့အလယ်မှာ မာကျောသော ပင်စည်အဆစ်ရှိသည်။ အမျှင်လွှာသုံးလွှာဖြင့် ဖုံးအုပ်ထားပြီး အပြင်မှာ သုံးမြောင့်ပုံအစိမ်းရောင်အရွက်များဖြစ်သည်။ အပင်၏ အတွင်းဆုံးအလွှာ(Core) အမျှင်(Fiber)နှင့်သုံးမြောင့်ပုံအရွက်များကို စုပေါင်းပြီး ပင်စည်ဟုခေါ်သည်။

          နဂါးမောက်အမြစ်များသည် ဘေးသို့ဖြာထွက်ပြီး မြေအောက်အနက်သို့ (၈)လက်မခန့်သာ ဆင်းသည်။ အမြစ်များသည် ပင်စည်ရဲ့ မည်သည့်နေရာကမဆိုထွက်နိုင်ပြီး တွယ်ကပ်သည့် မျက်နှာ ပြင်နှင့် နီးသောနေရာမှထွက်သည်။ မျက်နှာပြင်ကြီးလေ အမြစ်ထွက်နှုန်းကောင်းလေဖြစ်သည်။ ထောက်တိုင်များမှတဆင့် မြေပြင်သို့ဆင်း၍ အစာကိုစုပ်ယူနိုင်သောကြောင့် ဖြစ်ထွန်းနှုန်း၊ အသီးထွက် နှုန်းကောင်းလေသည်။ အမြစ်အားလုံးသည် အလယ်အူတိုင်မှ ဖြန့်ထွက်ပြီးအောက်သို့ဆင်း၍  ရေပေး သွင်းလျှင်လည်း တွယ်ကပ်မြစ်အားလုံးပါ ရေပက်ဖျန်းပေးသင့်ကြောင်းလေ့လာမှုအရသိရသည်။

          နဂါးမောက်သည် ညတွင်ပန်းပွင့်ပြီး အလွန်မွှေးပျံ့သော ရနံ့ရရှိပြီး(၆)လမှ(၁)နှစ်သက်တမ်းရှိ သော အကိုင်းများမှပန်းပွင့်သည်။ ညဘုရင်မ( Queen of the night ) ဟု တင်စားခေါ်ဝေါ်ကြသည်။ ပန်းဖူးစထွက်သည့်မှ(၁၅)ရက်ကြာလျှင် ပန်းပွင့်ပြီး ပန်းဖူးစထွက်သည်မှ (၃၀)ရက်မှ(၃၅)ရက်ကြာလျှင် အသီးဆွတ်ခူးနိုင်သည်။ S.megalanthus သည် Fall Flowering ဖြစ်ပြီး ဇွန်လလယ်ပိုင်းတွင် ပန်းဖူးစထွက်၍(၄၅)ရက်ကြာလျှင် အသီးဆွတ်ခူးနိုင်သည်။ ညနေပိုင်း(သို့)ညပိုင်းတွင် ပန်းစပွင့်ပြီး ပုံမှန်အားဖြင့် နေထွက်လာသည့် နံနက်(၆)နာရီခန့်တွင် ညိုးသွားသည်။ အသီး၏အတွင်းသားအရောင် အဖြူမျိုးတွင် ဖွင့်ဖတ်သည်အစိမ်းရောင်၊ ဖွင့်ချပ်သည် အဝါရောင်သမ်းသော နို့နှစ်ရောင်ဖြစ်ပြီး အတွင်းသားခရမ်းနီရောင်မျိုးတွင် ဖွင့်ဖတ်သည် နီညိုရောင်၊ ဖွင့်ချပ်သည် အနီရောင်သမ်းသော နို့နှစ် ရောင်ဖြစ်သည်။ ၎င်းမျိုးမှာ H.stenopterus နှင့် H.extensus တို့ဖြစ်သည်။

          အသီးအရွယ်အစားမှာမျိုးအလိုက် ဂေါက်သီးအရွယ်မှ အချင်း(၆)လက်မခန့်အရွယ်ထိရှိသည်။ အလေးချိန်အားဖြင့် (၃၅၀)ဂရမ်မှ(၇၀၀)ဂရမ်ထိရှိပြီး အချို့မျိုးမှာ(၁၀၀၀)ဂရမ်ထိကြီးမားသော အသီး များလည်းရှိသည်။ အသီးခွံ၏ အရောင်မှာ အနီရောင်၊ ပန်းခရမ်းရောင်၊ ပန်းရောင်၊ အဝါရောင်သမ်းသော

ပန်းရောင်၊ အဝါရောင်တို့ဖြစ်သည်။ အတွင်းသားအရောင်မှာ အဖြူရောင်၊ ခရမ်းနီရောင်၊ ပန်းရောင်တို့ ဖြစ်သည်။ မြန်မာပြည်တွင် အတွင်းသားအဖြူရောင်နှင့်ခရမ်းနီရောင်များသာရှိပြီး မန္တလေးတိုင်းဒေသ ကြီး၊ ကျောက်ပန်းတောင်းမြို့နယ်တွင် အဖြူရောင်နှင့်ခရမ်းနီရောင်တို့ကို (၂၁၀)ဧက စိုက်ပျိုးထား ကြောင်း သိရှိရသည်။

          နဂါးမောက်ပင်ကို အရွယ်ရောက်ပြီးအပင်မှ ကိုင်းဖြတ်များကိုရယူ၍ အပင်သစ်အဖြစ် စိုက်ပျိုးကြသည်။ အစေ့မှစိုက်ပျိုးခြင်းထက် ကိုင်းဖြတ်စိုက်ပျိုးခြင်းသည် ပိုမိုလျှင်မြန်စွာကြီးထွားပြီး သီးပွင့်မှုကို(၆)လမှ(၁)နှစ်အတွင်း ရရှိနိုင်သည်။ မျိုးကိုင်ကိုရွေးချယ်စိုက်ပျိုးစဉ်မှစ၍ ကြီးထွားသန်မာ သော မျိုးကိုင်းများကို ရွေးချယ်ဖြတ်တတ်ရန် လိုအပ်ပါသည်။

          ကျောက်ပန်းတောင်းမြို့နယ်တွင် နဂါးမောက်ပင်ကို ၉'×၉' ပတ်လည်အတန်းစိုက်စနစ်ဖြင့် စိုက်ပျိုးကြသည်။ သစ်သားတိုင်၊ ကွန်ကရစ်တိုင်များကိုသုံးသည့် စိုက်ပျိုးစနစ်ဖြင့်လည်းကောင်း၊ တိုင်ထောင်ပဲစိုက်ပျိုးသည့်စနစ်ဖြင့်လည်းကောင်း စိုက်ပျိုးကြသည်။ တိုင်စနစ်တွင် တစ်ဧကလျှင်အပင် (၁၆၀၀)ခန့်စိုက်ပျိုးကြပြီး နဂါးမောက်ပင်သည် အစောဆုံး ဧပြီလတွင် ပန်းဖူးစဝင်၍ မေလတွင် ပန်းပွင့်ကာ ဇွန်လတွင်အသီးစထွက်သည်။ ဧပြီလတွင် အပူချိန်မြင့်မားခြင်း၊ မိုးရေမရရှိခြင်းတို့ကြောင့် အဖူးအားလုံးပန်းမပွင့်နိုင်ဘဲ အဖွင့်အားလုံးလည်း အသီးမတင်နိုင်ပါ။ မေလတွင် ပန်းဖူးအရေအတွက် များလာပြီး အဖူးအပွင့်အားလုံးနီးပါး အသီးတင်ပါသည်။ အသီးများထွက်နိုင်သောကာလမှာ ဇူလိုင်လ၊ ဩဂုတ်လနှင့်စက်တင်ဘာလများဖြစ်သည်။ စက်တင်ဘာလတွင်  ပန်းဖူးဝင်မှုနည်းသောကြောင့် အောက်တိုဘာလတွင် အသီးအထွက်နှုန်းပြန်လျော့သွားသည်။ နဂါးမောက်ပင်သည် တစ်ရာသီတွင် (၁၀)ကြိမ်ခန့် ခူးဆွတ်ရသည်။ အသီးထွက်ရာသီ ရှည်သောကြောင့် ဝင်ငွေရရှိမှုကာလကြာရှည်သည်။ နဂါးမောက်ပင်တစ်ဧက စိုက်ပျိုးလျှင်(၈၂၇)သိန်းကျပ်ခန့်ကုန်ကျနိုင်ပါသည်။ တစ်ဧကပျမ်းမျှအထွက် နှုန်းအနေဖြင့်(၈၇၁၂)ပိဿာခန့် ထွက်ရှိကြောင်းသိရသည်။ ကျောက်ပန်းတောင်းမြို့နယ်တွင် နဂါးမောက်သီး စတင်ထွက်ရှိသည့် အချိန်တွင် (၁)ကီလိုလျှင်(၁၀၀၀)ကျပ်ခန့်ရှိသည်။ စက်တင်ဘာလ ပထမပတ်တွင် (၁)ကီလိုလျှင်(၁၅၀၀-၂၀၀၀)ကျပ်ခန့်မြင့်တက်လာသည်။ စက်တင်ဘာလ ဒုတိယ ပတ်တွင် နဂါးမောက်သီး(၁)ကီလိုလျှင်(၅၀၀၀)ကျပ်မှ(၆၀၀၀)ကျပ်ဖြင့် ရောင်းဝယ်ကြသည်။ ၎င်းရက် များတွင် ကျောက်ပန်းတောင်မြို့နယ် ပုပ္ပားကျေးရွာတွင် အဘအောင်မင်းခေါင်ထွက်ပွဲသို့ လာရောက်ကြ သော ရပ်ဝေးဧည့်သည်များ လာရောက်မှုများ၍ ပိုမိုဈေးကောင်းရရှိပြီး ပုံမှန်ထက် အရောင်းအဝယ် ဖြစ်ကြပါသည်။ ယခုအချိန်တွင် နဂါးမောက်သီး (၁)ကီလိုလျှင်(၃၀၀၀-၄၀၀၀)ကျပ်သို့ ကျဆင်း၍ဈေးငြိမ်လျက်ရှိသည်။ ကျောက်ပန်းတောင်းမြို့နယ်တွင် နဂါးမောက်ပင်ကို နတ်ကန်လည် ကျေးရွာ၊ လျှော်တောကျေးရွာ၊ ပျဉ်မကြီးကျေးရွာ၊ လည်ကျင်ခေါင်း၊ ဆည်၊ ဆည်မ၊ ဘိုတဲ စသည့် ကျေးရွာများတွင် အများဆုံးစိုက်ပျိုးကြပြီး လွန်အိုင်ကျေးရွာ၊ လက်ပံပျားကျေးရွာတို့တွင် စီးပွားဖြစ် စိုက်ပျိုးကြသည်။ နဂါးမောက်သီးများကို တင်ပို့ရောင်းချသည့်ဈေးကွက်အနေဖြင့် မန္တလေး၊ ရန်ကုန်၊ နေပြည်တော် စသည့်မြို့ကြီးများသို့ အများဆုံးတင်ပို့ရောင်းချကြသည်။

          နဂါးမောက်သီးသည် အဟာရဓာတ်ကြွယ်ဝသော သီးနှံတစ်မျိုးဖြစ်ပြီး အစာချေဖျက်အား ကောင်းစေသည်။ အူမကြီးကင်ဆာနှင့်ဆီးချို၊ ဆီးလွန်ရောဂါတို့ကို ကာကွယ်ပေးပြီး ကိုယ်လက်စရော ကိုလျော့ကျစေနိုင်ပါသည်။ သွေးတိုးနှုန်းကိုလည်း ကျစေနိုင်သလို အမြဲစားသုံးပေးခြင်းဖြင့် ချောင်းဆိုး ရင်ကြပ်ရောဂါကိုလည်းပျောက်ကင်းစေပါသည်။ အသီးမှည့်အနေဖြင့်     စားသုံးကြသည့်အပြင် ဂျယ်လီ

တွင်ထည့်၍လည်းကောင်း၊ နွားနို့နှင့်ရောစပ်၍လည်းကောင်း၊ ဝိုင်ပြုလုပ်၍လည်းကောင်း၊ ယိုပြုလုပ်၍ လည်းကောင်း အမျိုးမျိုးပြုလုပ်စားသုံးကြလေ့ရှိကြပါသည်။

          နဂါးမောက်ပင်သည် တစ်နှစ်တွင်(၅)လခန့် ဝင်ငွေရရှိအပင်တစ်မျိုးဖြစ်ပြီး အဟာရဓာတ်ကြွယ်ဝ သည့် ဆေးဖက်ဝင်အပင်တစ်မျိုးဖြစ်သလို ပိုးမွှားရောဂါကျရောက်မှုနည်းပါးသော  ကြောင့် ဓာတု ပစ္စည်းလွတ် ထုတ်လုပ်နိုင်သော အသီးတစ်မျိုးလည်းဖြစ်သောကြောင့် စီးပွားဖြစ် ကျယ်ကျယ်ပြန့်ပြန့် စိုက်ပျိုးထုတ်လုပ် စားသုံးပေးသင့်သော  သီးနှံပင်တစ်မျိုးဖြစ်ပါကြောင်း စုစည်းလေ့လာရေးသားလိုက်ရ ပါသည်။

DOCA (မန္တလေး)