စားသုံးသူရေးရာဦးစီးဌာန၊ တောင်ငူခရိုင်ဦးစီးမှူး ဦးမျိုးအောင်သည် ဒုတိယခရိုင်ဦးစီးမှူး ဦးမင်းဇော်၊ တောင်ငူမြို့နယ်တာဝန်ခံ ဦးမြင့်သူတို့နှင့် ဒီဇင်ဘာလ (၉) ရက်နေ့ နေ့လယ်ပိုင်းတွင် တောင်ငူမြို့ပေါ်ရှိ ဓာတ်မြေဩဇာနှင့် စိုက်ပျိုးရေးအရောင်းဆိုင်များသို့သွားရောက်၍ ယူရီးယားဓါတ်မြေဩဇာများ ရောင်းချနေမှုအခြေအနေများကို ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
တောင်ငူမြို့တွင် ဓါတ်မြေဩဇာနှင့်စိုက်ပျိုးရေးဆေးအရောင်းဆိုင် ၁၅ ဆိုင်ရှိပြီး အရောင်းဆိုင်များ၌ ယူရီးယား(လုံးကြီး)ဓါတ်မြေဩဇာ၊ Rock Phosphate ၁၅ ပတ်လည် ဓါတ်မြေဩဇာနှင့် Di Ammonium Phosphate ၁၅ ပတ်လည် ဓါတ်မြေဩဇာများကို ရောင်းချနေသည်ကိုတွေ့ရပြီး ကုမ္ပဏီမှ ဖြန့်ဖြန့်ဖြူးသည့် ဈေးနှုန်းအပေါ် သယ်ယူခပေါင်း၍ ၅ ရာခိုင်နှုန်းအမြတ်တင်ရောင်းချကြောင်း တွေ့ရပါသည်။
ခရိုင်ဦးစီးမှူးသည် ဓါတ်မြေဩဇာများသည် တောင်သူလယ်သမားများ မဖြစ်မနေသုံးစွဲရသည်ဖြစ်ရာ ဖြစ်သင့်ဖြစ်ထိုက်သောဈေးနှုန်းဖြင့် ရောင်းချရေး၊ စားသုံးသူနစ်နာဆုံးရှုံးမှုမဖြစ်စေရေးအတွက် ဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီရောင်းချရေး၊ တရားမဝင်ဓါတ်မြေဩဇာများ ရောင်းချခြင်းမပြုရေးတို့ကို ဆိုင်ပိုင်ရှင်များအား အသိပညာပေးဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။
DOCA(ပဲခူး)