ကန့်ဘလူမြို့နယ်တွင် တစ်နိုင်တစ်ပိုင် ကောက်ရိုးမှို စိုက်ပျိုးရောင်းချ

Powered by Drupal

             ကောက်ရိုးမှိုစိုက်ပျိုးခြင်းသည် မြန်မာလူမျိုးတို့နှင့် မစိမ်းပါ။ ကောက်ရိုးမှိုသည် သဘာဝအလျောက် ကောက်ရိုးပုံ၊ ကောက်ရိုးပြတ်ပုံများမှ အလိုအလျောက်ကောက်ရိုးမှိုများ ပွင့်ထွက်လာသည်ကိုလည်းတွေ့ရကြောင်း၊ ကျေးလက်ဒေသများတွင် ကောက်ရိုးပုံများကို ရေလောင်းခြင်း၊ ဆန်ကွဲ၊ ဖွဲနုများကြဲပက်ပေးခြင်းဖြင့် ကောက်ရိုးမှိုစိုက်ပျိုးကြကြောင်း၊ ကောက်ရိုးမှိုကို စနစ်တကျစိုက်ပျိုးခြင်းမရှိသဖြင့် အထွက်နှုန်းမကောင်းခြင်း၊ လုံးဝမထွက်ခြင်း၊ အထွက်နောက်ကျခြင်းနှင့် အပွင့်ငယ်ခြင်းတို့ဖြစ်တတ်ကြောင်း သိရသည်။

             ကန့်ဘလူမြို့နယ်တွင် တစ်နိုင်တစ်ပိုင် ကောက်ရိုးမှိုစိုက်ပျိုးစိုက်ပျိုးသူ ဦးဝင်းဦး၏ပြောပြချက်အရ ကောက်ရိုးမှိုစိုက်ပျိုးချိန်သည် အလွန်အရေးကြီးကြောင်း၊ ကောက်ရိုးမှိုစိုက်ပျိုးရာတွင် လိုအပ်သောအခြေခံကုန်ကြမ်းများဖြစ်သည့် သန့်ရှင်းခြောက်သွေ့သော ကောက်ရိုး(သို့မဟုတ်) ရိုးပြတ်များ၊ ဂျပ်စက္ကူများ၊ နွားချေးမြေဆွေး စသည်တို့နှင့် စိုက်ပျိုးကြကြောင်း၊ စိုက်ပျိုးစရိတ်အနေဖြင့် အလျား(၉)ပေနှင့် အကျယ်(၃)ပေကို ကျပ်(၄၅၀၀၀)ခန့် ကုန်ကျစရိတ်ရှိကြောင်း၊ ကောက်ရိုးမှိုများကို စိုက်ပျိုးပြီး(၁၅)ရက်ခန့်တွင် စတင်ခူးဆွတ်ရကြောင်း၊ ကောက်ရိုးမှိုတစ်ဘောင်လျှင်(၁၀-၁၅)ပိဿာထိ ခူးဆွတ်ရကြောင်း၊ ဈေးကွက်အတွင်း ကောက်ရိုးမှိုတစ်ဆယ်ကျပ်သား လျှင်(၁၂၀၀)ကျပ်၊ ကောက်ရိုးမှိုတစ်ပိဿာလျှင် ငွေကျပ် (၁၂၀၀၀)ခန့် ရောင်းချရသောကြောင့် စိုက်ပျိုးသူများအနေဖြင့် ထိုက်သင့်သည့်အကျိုးအမြတ်များရရှိကာ မိသားစုအဆင်ပြေလျက်ရှိကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)