“ပဲချဉ်ပေါင်စတင်စိုက်ပျိုး”

Powered by Drupal

            ကျောက်ဆည်ခရိုင်အတွင်းရှိ ကျေးလက်နေတောင်သူများသည် မိသားစုအပိုဝင်ငွေရရှိရေးအတွက် ဆောင်းသီးနှံဖြစ်သော ပဲချဉ်ပေါင်ကို မိုးစပါးများရိတ်သိမ်းခါနီးချိန်တွင် လယ်မြေများ၌ စတင်စိုက်ပျိုးကြပါသည်။ စိုက်ပျိုးရာတွင် ပတ်ကြဲစနစ်ဖြင့် စိုက်ပျိုးကြပြီး မျိုးအနေဖြင့် (၁)ဧကလျှင်(၁)တင်းမှ (၁)တင်းခွဲခန့် ကုန်ကျကြောင်း၊ မျိုးစျေးနှုန်းအနေဖြင့် တစ်တင်းလျှင်(၆၅၀၀၀/-)ကျပ်စျေးနှုန်းပေးရကြောင်း၊ ယခုအချိန်တွင် ပဲချဉ်ပေါင်များ စတင်စိုက်ပျိုးလျက်ရှိရာ စိုက်ပျိုးပြီး (၃)လခန့်တွင် ပဲချဉ်ပေါင်များ စတင်ထွက်ပေါ်မည်ဖြစ်ကြောင်း၊    တစ်ဧက ကုန်ကျစရိတ်အနေဖြင့် မျိုးသွင်းအားစု လုပ်သားခအပါအဝင် (၃)သိန်းခန့် ကုန်ကျကြောင်း၊ အထွက်နှုန်းအနေဖြင့် ယခင်နှစ်တွင် (၁)ဧကအထွက်နှုန်းမှာ ပဲချဉ်ပေါင်စေ့ (၁၀/၈) တင်း ခန့်ထွက်ရှိခဲ့ပြီး ယခုနှစ်တွင် ပဲချဉ်ပေါင်စေ့(၁၀/၈)တင်း ဝန်းကျင်ခန့် ထွက်ရှိနိုင်ကြောင်း၊ ယခင်နှစ်တွင် ပဲချဉ်ပေါင်စျေးနှုန်းအနေဖြင့် ပဲချဉ်ပေါင်စေ့တစ်တင်းလျှင်(၄၈၀၀၀-၅၀၀၀၀) ကျပ် စျေးနှုန်းများရှိခဲ့ပြီး တစ်ဧကအကျိုးအမြတ်အနေဖြင့် (၂)သိန်းဝန်းကျင်ခန့်မြတ်ကြောင်း၊ ယခုလက်ရှိပေါက်စျေးအနေဖြင့် ပဲချဉ်ပေါင်စေ့ တစ်တင်းလျှင် (၇၀၀၀၀)ကျပ်စျေးနှုန်းများဖြင့်သာ အရောင်းအဝယ်ဖြစ်နေကြောင်း၊ ပဲချဉ်ပေါင်ပေါ်ချိန်တွင် အရွက်နုများကိုခူး၍ မြို့ပေါ်သို့ဖောက်သည်သွင်းကြောင်း၊ ပဲချဉ်ပေါင်ရွက် (၁)ပိဿာလျှင် (၃၀၀၀-၄၀၀၀)ကျပ်ဖြင့် ရောင်းချပေးပြီး လက်လီဈေးအနေဖြင့် (၁၀)ကျပ်သားကို(၅၀၀)ကျပ်ဖြင့် ပြန်လည်ရောင်းချကြပါသည်။ ပဲချဉ်ပေါင်ရွက်ကို မြေပဲဆံ၊ ကြက်သွန်နီ၊ ခရမ်းချဉ်သီးလေးများဖြင့် အသုပ်သုပ်၍စားသုံးကြသလို ပဲချဉ်ပေါင်ရွက်ကို ဟင်းချိုအဖြစ်လည်း ချက်ပြုတ်စားကြပါသည်။ ပဲချဉ်ပေါင်ရွက်နှင့် ပဲချဉ်ပေါင်စေ့ ထွက်ရှိချိန်တွင်လဲ ဈေးနှုန်းများကောင်းမွန်ပါက တောင်သူများအကျိုးအမြတ် ပိုမိုဖြစ်ထွန်းလာနိုင်မည်ဖြစ်ကြောင်း နှစ်စဉ်ပဲချဉ်ပေါင်စိုက်ပျိုးသော သင်တောင်းငယ်ကျေးရွာမှ တောင်သူတစ်ဦး၏ ပြောကြားချက်အရ သိရှိရပါသည်။

DOCA(မန္တလေး)