မြန်မာသမိုင်းဝင် ရွှေဘိုသနပ်ခါးမြို့တော်၏ သနပ်ခါးဈေးနှုန်းနှင့် ဈေးကွက်အခြေအနေ

Powered by Drupal

          စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် စားသုံးသူအကာအကွယ်ရေးလုပ်ငန်းများအပြင် ပြည်တွင်းကုန်သွယ်ရေးဖွံ့ဖြိုးမှုလုပ်ငန်းများကို ဆောင်ရွက်လျှက်ရှိပါသည်။ ရွှေဘိုခရိုင်အနေဖြင့် သနပ်ခါးကို စီးပွားဖြစ်စိုက်ပျိုးမှုနည်းပါးသော်လည်း သနပ်ခါးရောင်းချမှုတွင် ရွှေဘိုသနပ်ခါးဟူ၍ ဈေးကွက်တွင် နာမည်ကျော်ကြားလျှက်ရှိပြီး ရွှေဘိုသနပ်ခါးသီချင်းသည်လည်း နာမည်ကျော်ကြားခဲ့ပါသည်။ (၁၉.၂.၂၀၁၉)ရက်နေ့ ၁၃၈၀ခု၊ တပို့လပြည့်နေ့တွင် မြန်မာသနပ်ခါးနေ့ပွဲတော်ကို သက်ဆိုင်ရာဒေသ အာဏာပိုင်အဖွဲ့၏ ခွင့်ပြုချက်ဖြင့် စားသုံးသူရေးရာဦးစီးဌာနမှဦးဆောင်၍ ရွှေဘိုသနပ်ခါးစိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအသင်းနှင့် မြို့မိ၊ မြို့ဖများဖြင့် ညှိနှိုင်းကာ စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ခဲ့ပါသည်။ အဆိုပါသနပ်ခါးပွဲတော်နေ့တွင် သမိုင်းဝင်ရွှေတန်ဆာဘုရားအား သနပ်ခါးမီးပူဇော်ခြင်းနှင့် သနပ်ခါးယဉ်ကျေးမှု အသိပညာပေး စာပေဟောပြောပွဲကိုလည်း ကျင်းပခဲ့ကြပါသည်။

          စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်တွင် ရွှေဘိုမြို့ရှိ သမိုင်းဝင် ရွှေတန်ဆာဘုရား၏ တောင်ဘက်စောင်းတန်းတွင် “မြန်မာသမိုင်းဝင် သနပ်ခါးမြို့တော် မွှေးကြိုင်လန်းဆန်း ရွှေတန်ဆာသနပ်ခါးတန်း” ဟူ၍ဆိုင်းဘုတ်ထောင်ထားပြီး ရွှေဘိုသနပ်ခါးကို အမှတ်တံဆိပ်အမျိုးမျိုးရိုက်နှိပ်ကာ တစ်စုတစ်ဝေးတည်း ရောင်းချကြပါသည်။ အဆိုပါ ဘုရားစောင်းတန်းတွင် နံနက်(၇:၀၀)နာရီအချိန်မှ ညနေ(၇:၀၀)နာရီ အချိန်ထိရောင်းချကြပြီး သနပ်ခါးဆိုင်ခန်းပေါင်း (၄၇)ခန်းရှိ၍ Covid-19ကာလများ ရှိခဲ့သဖြင့် လက်ရှိတွင် (၃၆)ခန်းသာ ရောင်းချလျှက်ရှိပါသည်။

          သနပ်ခါးတန်းတွင် ရောင်းချသည့်သနပ်ခါးများကို မုံရွာခရိုင်၊ အရာတော်မြို့နယ်မှ အဓိကထား၍ ဝယ်ယူရပြီး ရွှေဘိုခရိုင်၊ ရွှေဘိုမြို့နယ်ရှိ တအုံကျေးရွာ၊ အုန်းပေါက်ကျေုးရွာ၊ မောင်းတက်ကျေးရွာ၊ ကိုးပင် ကျေးရွာ၊ တမာကျေုးရွာနှင့် ခင်ဦးမြို့နယ်ရှိ ရွာသာကျေးရွာ၊ ကုန်းကြီးကျေးရွာ၊ ရွာစဉ်ကျေးရွာ၊ ရှားလွင်ကျေးရွာများအပြင် ကျောက်မြောင်းမြို့မှလည်း ဝယ်ယူရရှိကြောင်းသိရှိရပါသည်။ သနပ်ခါးများဝယ်ယူမည်ဆိုပါက ပွဲစားများမှတစ်ဆင့် ချိတ်ဆက်ဝယ်ယူရကြောင်း၊ ပွဲစားများမှ သနပ်ခါးရောင်းချမည့် ခြံများကို စုံစမ်း၍ အကြောင်းပြန်ပေးကြောင်း၊ သနပ်ခါးအပွေးပေါ်မူတည်၍ ခြံပြတ်ဈေးဖြင့် ဝယ်ယူရကြောင်း၊ ဝယ်ယူပြီးသနပ်ခါးများကို ဝယ်ယူသူမှ သနပ်ခါးပင်တူးခနှင့် ကားဖြင့် သယယ်ယူပို့ဆောင်ခများ ကုန်ကျ ခံရကြောင်း၊ ယခင်ကလုပ်သားခတစ်ဦးလျှင် စရိတ်ငြိမ်း(၇၀၀ဝိ/-)ဖြင့် ဌားရမ်းကြရသော်လည်း ယခုအချိန် တွင်တစ်ဦးလျှင်(၁၀၀၀ဝိ/-)ဖြင့် ဌားရမ်းကြရကြောင်း၊ ယခင်က သနပ်ခါးခြံပြတ် သိန်း(၃၀)ကျပ်ဘိုး ဝယ်ယူပါက လုပ်သားခနှင့်ကားခအပါအဝင် (၃၂)သိန်းကျော်သာ ကုန်ကျသော်လည်း ယခုအချိန်တွင် (၃၅)သိန်းကျော်ကုန်ကျကြောင်း၊ အရာတော်မှရွှေဘိုအထိ သနပ်ခါးအပင်များသယ်ယူမည်ဆိုပါက  အပင် အကြီး/အသေးပေါ်မူတည်၍ ကားခတစ်ပင်လျှင် (၂၅ဝိ/-)မှ(၃၅ဝိ/-)ထိပေးရကြောင်း၊ ဝယ်ယူရောက်ရှိလာ သောသနပ်ခါးများကို ရေဆေးသန့်စင်ပြီး နေဖြင့်အခြောက်ခံ၍ ဈေးကွက်အတွင်း ရောင်းချကြကြောင်း၊ ရေဆေးခမှာလည်း အပင်အကြီး/အသေးအပေါ်မူတည်၍  တစ်ပင်လျှင် လုပ်သားခ(၃၀ဝိ/-)မှ(၃၅ဝိ/-)ထိ ပေးရကြောင်း သိရှိရပါသည်။

        ရွှေဘိုမြို့ ရွှေတန်ဆာသနပ်ခါးတန်းတွင် စိန်မင်းမျိုးနှင့် နှစ်ရှည်မျိုးတို့ကိုရောင်းချကြပြီး စိန်မင်းမျိုးသည် ဈေးပိုရကြောင်း သိရှိရပါသည်။ ရောင်းချရာတွင် သနပ်ခါးအပွေးပေါ်မူတည်၍ တစ်တုံးလျှင်(၁၀ဝိ/-) မှ(၃၅၀ဝိ/-)ထိရောင်းချရကြောင်း၊ အပင်ဖြတ်များကို အချောင်းလိုက်ရောင်းချပါက တစ်ချောင်းလျှင် (၅၀၀ဝိ/-)မှ (၂၅၀၀ဝိ/-)ထိရောင်းချရပြီး တစ်ချောင်းလျှင်(၁၀)ဖြတ်ရရှိကြောင်း၊ ဈေးကွက်အနေဖြင့် ရန်ကုန်ဘက်မှ အဝယ်ပုံမှန်ရှိပြီး မြို့ပေါ်နှင့်အနီးဝန်ကျင်မှလည်း အဝယ်ရှိပြီး အနယ်နယ်အရပ်ရပ်သို့ ခရီးသွားသူများမှလည်း ရောင်းချရန်နှင့် အမှတ်တရလက်ဆောင်ပေးရန်အတွက် ဝယ်ယူသည်များလည်း ရှိကြောင်း သိရှိရသည်။ သနပ်ခါးကို ကုန်ကြမ်းအနေဖြင့် ရောင်းချသည့်အပြင် အသင့်လိမ်းနိုင်သည့် စက်သွေးသနပ်ခါးခဲ၊ လက်သွေးသနပ်ခါးခဲများအပြင် သနပ်ခါးအမြစ်မှုန့်၊ သနပ်ခါးအပွေးမှုန့်များလည်း ရောင်းချကြပြီး တစ်စုတစ်ဝေးတည်း ရောင်းချကြခြင်းဖြစ်သဖြင့် ဝယ်ယူသူများစိတ်ကြိုက် ရွေးချယ်၍ ဝယ်ယူနိုင်သည့် အားသာချက်များလည်းရှိကြောင်း တွေ့ရှိရပါသည်။ ဆိုင်ခန်းများအတွက် ကျသင့်သည့် လျှပ်စစ်မီတာကြေးကို ရောင်းချသည့် ဆိုင်ခန်းများမှ မျှ၍ကုန်ကျခံကြပြီး ဆိုင်ခန်းခကို ရွှေတန်ဆာဘုရားရွှေချရန်အတွက် လစဉ်သတ်မှတ်နှုန်းထားအတိုင်း လှူဒါန်းကြရသဖြင့် ကုသိုလ်လည်းရ၍ ဝမ်းလည်းသည့် လုပ်ငန်းတစ်ခုဖြစ်ပါသည်။

          ရွှေဘိုသနပ်ခါးသည် အပူပိုင်းဒေသ၏ ရတနာတစ်ပါးဖြစ်သည့် မြန်မာသနပ်ခါးဖြစ်ပြီး သနပ်ခါးကို ချစ်ခြင်းသည်လည်း မြန်မာ့ယဉ်ကျေးမှုကိုချစ်ခြင်းဖြစ်၍ မြန်မာဆန်ဆန်သနပ်ခါးလေးဖြင့် လှနိုင်ကြစေကြောင်း ရေးသားလိုက်ရပါသည်။

DOCA(စစ်ကိုင်း)