ပဲပုပ်ဈေးကောင်းလာခြင်းနှင့် အတူအမြတ်အစွန်း ပိုမိုရရှိနိုင်မည်ဟု တောင်သူများမျှော်မှန်း

Powered by Drupal

      စားသုံးသူရေးရာဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူး ဦးသန်းဦးနှင့် ပြည်တွင်းဌာနခွဲဝန်ထမ်းများသည် ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ ၂၄ ရက်၊နံနက်( ၁၀:၀၀) နာရီအချိန်တွင် ဘားအံမြို့နယ်၊ ပေါ့ထော်ကျေးရွာအုပ်စု၊ အိမ်တိုင်ကုန်း ၁၀ အိမ်စုကျေးရွာရှိ ပဲပုပ်စိုက်ခင်းများသို့ ကွင်းဆင်း၍ သီးနှံများ တွက်ခြေကိုက်မှု ရှိ/မရှိ အခြေအနေများကို တောင်သူများနှင့် တွေ့ဆုံမေးမြန်းလေ့လာခဲ့ကြသည်။

     ကရင်ပြည်နယ်တွင် ပဲမျိုးစုံနှင့်ဆီထွက်သီးနှံများကိုဒေသအနှံအပြား စိုက်ပျိုးကြသော်လည်း သံလွင်မြစ်ကြောင်း တစ်လျှောက်ရှိ နုန်းတင်မြေနု စိုက်ခင်းများတွင် ပဲပုပ်ကို အဓိကစိုက်ပျိုးကြသည်။ ပဲပုပ်သည် စိုက်ပျိုးရန်လွယ်ကူပြီး တစ်ဧကကုန်ကျစရိတ်သက်သာသော သီးနှံဖြစ်သော ကြောင့် သံလွင်မြစ်ကမ်းတစ်လျှောက်ရှိ ကျေးရွာများတွင် အဓိကစိုက်ပျိုးပြီး တောင်သူတွက်ခြေကိုက်သော သီးနှံဖြစ်ကြောင်းနှင့် နှစ်စဉ် မြစ်ရေကျချိန် တော်သလင်းလဆန်းတွင် စတင်စိုက်ပျိုးကြောင်းနှင့် ပြာသိုလဆန်းတွင် စတင်ရိတ်သိမ်းကြောင်း သိရသည်။ ဒေသခံ တောင်သူများအနေဖြင့် ပဲပုပ်စိုက်ပျိုးတွင် မြစ်ရေကျချိန် ပေါ်ထွက်လာသော မြေနုကျွန်းများတွင် မြေပြုပြင်ခြင်းမရှိပဲ ကြဲပက် စိုက်ပျိုးကြကြောင်းနှင့် တစ်ဧက အထွက်နှုန်း ၁၃ တင်းမှ ၁၅ တင်းခန့်ရရှိကြောင်း သိရသည်။

      ၂၀၂၄ ခုနှစ် ဇန်နဝါရီလတွင် ပဲပုပ်တစ်ပိဿာလျှင် ၃၉၀၀ ကျပ်ဖြင့် ဈေးနှုန်းစဖွင့်၍ အရောင်းအဝယ်ဖြစ်ခဲ့ပြီး  ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ ဈေးကွက်ပေါက်ဈေးမှာ  ၇၅၀၀ ကျပ်ထိ မြင့်တက်ခဲ့ကြောင်းနှင့် ယခုကဲ့သို့ ပဲပုပ်များဈေးကောင်းရလာခြင်းနှင့်အတူ လက်ရှိစိုက်ပျိုး ထားရှိသော ပဲပုပ်များထွက်ပေါ်လာမည့် ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ပဲပုပ်ပေါ်ချိန်တွင် အမြတ်အစွန်း ပိုမိုရှိနိုင်မည်ဟု တောင်သူများက မျှော်မှန်းလျက်ရှိကြောင်း သိရသည်။

DOCA(ကရင်)