အညာသရက်သီးများလှိုင်လှိုင်ပေါ်နေသော်လည်း အဝယ်အေးနေ

Powered by Drupal

                စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်နှင့် ညောင်ပင်ဝန်းမြို့နယ်များမှ ထွက်ရှိသော စိန်တစ်လုံး သရက်သီးများလှိုင်လှိုင်ပေါ်နေပြီဖြစ်ရာ ပြည်ပသို့ Export အားနည်းနေသောကြောင့် အရောင်းအဝယ်အေးပြီး ပြည်တွင်းဈေးကွက်အနေဖြင့်သာ ရောင်းဝယ်မှုရှိကြောင်း သိရသည်။

              “မုံရွာမြို့နယ်ရှိ  သရက်ခြံပိုင်ရှင်တစ်ဦး၏ ပြောကြားချက်အရ သရက်သီးကို အပင်ပေါ်မဆွတ်ဘဲထားနေတော့ နေလောင်တဲ့အတွက် ဈေးကွက်မဝင်ဘူး၊ ဒါကြောင့် ဆွတ်ခူးပြီးသစ်ရွက်ခြောက်နှင့်အုံးပြီး အမှည့်ခံရောင်းရတယ်၊ နေပူချိန်မြင့်နေတာ မိုးကလည်း ကောင်းကောင်းမရွာတော့ သရက်သီးစားသုံးသူ အဝယ်အေးနေတာပါ၊ မိုးမရွာဘဲစားရင် မိတ်ထွက်တယ်လို့ပြောပြီး စားသုံးမှုနည်းကြတယ်၊ မြို့ပေါ်ပွဲစားများက ခြံအထိဆင်းဝယ်ယူမှုတော့ ရှိတယ်၊ ပြည်တွင်း/ ပြည်ပဈေးကွက်ရှိသော်လည်း အခြေအနေအမျိုးမျိုးကြောင့် လမ်းပန်းဆက်သွယ်ရေး သွားရေး၊ လာရေး အခက်အခဲများကြောင့် အရောင်းအဝယ်အေးနေတယ်”လို့ သိရှိရသည်။

              စိန်တစ်လုံးသရက်အပြင် ဟင်္သာ၊ ရင်ကွဲ၊ လက်ခုတ်၊ ရွှေပို၊ ပတ္တမြားငမောက်၊ ဝါဆို၊ မချစ်စု၊ ပန်းဆွဲသရက်အမျိုးခွဲအစုံ စိုက်ပျိုးထားပြီး သရက်သီးအမျိုးအစားပေါ်မူတည်ပြီး သရက်သီး အလုံး ၁၀၀ လျှင် ၂၀၀၀၀ကျပ် မှ ၄၀၀၀၀ကျပ် အထိ ပေါက်ဈေးဖြင့် ခြံအရောက်ဝယ်ယူမှုရှိကြောင်း၊ စိန်တစ်လုံး သရက်ကို တန်ဖိုးမြှင့်ထုတ်ကုန်အနေဖြင့် သရက်ပြင်အဖြစ်လည်း ပြုလုပ်ရောင်းချမှုရှိပြီး သရက်ပြင် တစ်ပိဿာလျှင် ၈၀၀၀ကျပ်နှုန်းဖြင့် ရောင်းချလျက်ရှိကြောင်း သိရသည်။

DOCA(စစ်ကိုင်း)