တောင်ငူဒေသထွက် ဘူးသီးများ ဈေးနှုန်းအနည်းငယ်ကျဆင်း

Powered by Drupal

          တောင်ငူမြို့ ပတ်ဝန်းကျင်ရှိ ကျေးရွာများသည် ဟင်းသီးဟင်းရွက်များအား တပိုင်တနိုင် စိုက်ပျိုးကြသူများပေါများပါသည်။ မိမိတို့စိုက်ခင်းများမှထွက်ရှိသော ဟင်းသီးဟင်းရွက်များကို တောင်ငူမြို့ရှိ ဘုရင့်နောင်ဈေးနှင့် ညောင်ပင်ဈေးများသို့ကိုယ်တိုင်ရောင်းချ၍သော်လည်းကောင်း တစ်ဆင့်ပြန်လည်ရောင်းချသူများအား ဖောက်သည်ပေး၍သော်လည်းကောင်း ရောင်းချကြပါသည်။

              စစ်တောင်းမြစ်နှင့် ခပေါင်းချောင်း ကမ်းနံဘေးတစ်လျှောက်ကျေးရွာများသည် ဟင်းသီး ဟင်းရွက်များကို အဓိကစိုက်ပျိုးကြပါသည်။ ၎င်းကျေးရွာများမှထွက်သော ဘူးသီးများမှာ ယခုအခါ လှိုင်လှိုင်ပေါ်၍ ဈေးနှုန်းများလည်း ကျဆင်းသွားပါသည်။

     ဘူးသီးအလုံးအကြီးအသေးပေါ်မူတည်၍ ပေါ်ခါစကတစ်လုံးလျှင် ၁၅၀၀ ကျပ်မှ ၂၀၀၀ ကျပ် အထိရှိရာမှ ယခုအခါ တစ်လုံးလျှင် ၁၀၀၀ ကျပ်မှ ၁၅၀၀ ကျပ်အထိဖြင့် ဈေးနှုန်းများ ကျဆင်းသွားပါသည်။ ဘူးသီးကို နေအိမ်များတွင် အသားဟင်းနှင့်ရော၍လလည်းကောင်း၊ အရန် ဟင်းအဖြစ်လည်းကောင်း ချက်စားကြသကဲ့သို့ အကြော်ဆိုင်များတွင် ဘူးသီးကြော် ကြော်၍လည်း ရောင်းချကြသဖြင့် ရောင်းအားကောင်းကြောင်း ညောင်ပင်ဈေးရှိ ဟင်းသီးဟင်းရွက် အရောင်းဆိုင် များမှ သိရပါသည်။       

DOCA(ပဲခူး)