ချည်ထည်လုပ်ငန်းဖြင့် အသေးစား၊ အငယ်စား၊အလတ်စား စီးပွားရေးလုပ်ငန်းများဖွံ့ဖြိုးတိုးရေး

Powered by Drupal

 

          မြန်မာနိုင်ငံ၏ ရာသီဥတုမှာ တစ်နှစ်ထက်တစ်နှစ် ပို၍ပူပြင်းလာသဖြင့် လူအများမှာ အပူဒဏ်ကို နွေရာသီရောက်တိုင်း နှစ်စဉ်လိုလိုခံစားရပါသည်။ ထိုသို့အပူဒဏ်ကို အံတုကာကွယ် နိုင်ရန်အတွက် လူတို့၏ကိုယ်ခန္ဓာတွင် အေး၍ပေါ့ပါးလွတ်လပ်သော အဝတ်အထည်များကို ရွေးခြယ်၍ ဝတ်ဆင်ကြပါ သည်။  ထိုသို့ဝတ်ဆင်ကြသဖြင့် ချည်ထည်လုပ်ငန်းယက်လုပ်သော ရက်ကန်းစင်များ တိုးတက်လာခဲ့ ပါသည်။ ပြည်ခရိုင်အနေဖြင့် ရွှေတောင်မြို့နယ်တွင် မြန်မာရိုးရာ စည်းလုပ်ငန်းလုပ်ကိုင်သူ (၆၆)ဦးခန့်ရှိ ကြောင်းသိရပါသည်။ ယခင်ကရွှေတောင်မြို့နယ်ရှိ ကျီးသဲရွာနှင့် မြို့မရွာတို့တွင် စီးပွားဖြစ်ရက်ကန်းစင် များရှိသလို တစ်နိုင်တစ်ပိုင် ရက်ကန်းစင် များလည်းရှိပြီး ရှေးယခင်ကပင် ရက်ကန်းလုပ်ငန်းဖြင့် ထင်ပေါ်ကျော်ကြားခဲ့ပါသည်။ ရွှေတောင်၊ကျီးသဲရွာတစ်ရွာလုံး၏ အသက်မွေးဝမ်းကျောင်းမှာ ပိုးထည် ရက်လုပ်ခြင်းလုပ်ငန်းဖြစ်ပါသည်။ နောက်ပိုင်းတွင် ပိုးထည်အပြင် ချည်ထည်များကိုပါ တိုးချဲ့ထုတ်လုပ် လာကြောင်းသိရပါသည်။ ထိုသို့ချည်ထည်များအဖြစ်ပြောင်းလဲထုတ်လုပ်ရာတွင် အမျိုးသားဝတ်၊ အမျိုးသမီးဝတ် ချည်ချော နှင့်ချည်ကြမ်းလုံချည်များကို ရက်လုပ်လာကြပါသည်။ ရွှေတောင်စည်းလုံချည် အဓိကပညာရပ်မှာ သားရေကွင်းဖြင့်စည်း၍ လိုချင်သော အပွင့်အမျိုးမျိုးကိုပုံဖော်ပြီး ဆေးရောင် အမျိုးမျိုးဆိုး၍ ရောင်းတန်းဝင်သော စည်းလုံချည်ကိုရရှိပါသည်။

          စက်မှုကုန်ကြမ်းသီးနှံဖြစ်သော ဝါမှတစ်ဆင့် ဝါဂွမ်း၊ ဝါဂွမ်းမှတစ်ဆင့် ချည်ငင်ပြီး ချည်ထည်များကို ယက်လုပ်၍ရောင်းချကြပါသည်။ ချည်ထည်များတွင် ၂/၈၀ နှင့် ၂/၁၀၀ ချည်ဟူ၍ရှိပြီး ၂/၁၀၀ချည်မှာ ပွဲတိုးပြီးတန်ဖိုးရှိသော ချည်အမျိုးအစားဖြစ်ပါသည်။ ယခင်က မြန်မာ့ရိုးရာလက်ရက် ကန်းစင်ပေါင်း မြောက်မြားစွာရှိပြီး ခေတ်မီတိုးတက်လာသည်နှင့်အမျှ လက်ရက်ကန်းများနည်းလာပြီး စက်ရက်ကန်းများဖြင့် အစားထိုးလာကြပါသည်။ ထိုသို့ စက်ရက်ကန်း များဖြင့် အစားထိုးထုတ်လုပ် လာကြသဖြင့် အသေးစား၊ အငယ်စား၊ အလတ်စား MSMEs လုပ်ငန်းများ ဖွံ့တိုးတက်လာကြပါသည်။ စက်ရက်ကန်းများဖြင့် ချည်ထည်များကို ထုတ်လုပ်လာကြသဖြင့် အချိန်တိုအတွင်း ကွင်းရေအများ အပြားထုတ်လုပ်လာနိုင်ကြသလို ခေတ်မီ သေသပ်လှပသော ချည်ထည်များရရှိလာမည်ဖြစ်ပါသည်။ ထိုသို့သေသပ်လှပသော ချည်ထည်များကို ပြည်တွင်းတွင် သုံးစွဲသည့်အပြင် ပြည်ပသို့လည်းထိုး ဖောက်ရန် စီစဉ်လျက်ရှိပါသည်။ ပြည်တွင်းဈေးကွက်အနေဖြင့် ရွှေတောင်မြို့မှထွက်ရှိသော ချည်ထည် များကို ရွှေတောင်မြို့နှင့် အနီးနားရှိမြို့များ၊ ပြည်မြို့၊ ရန်ကုန်မြို့၊ မန္တလေးမြို့နှင့် နေပြည်တော်မြို့များသို့ တင်ပို့ရောင်းချကြပါသည်။ ယခင်က ကမ္ဘာလှည့်ခရီးသွားသော နိုင်ငံခြားသားဧည့်သည်များက ရက်ကန်း စင်များသို့သွားရောက်၍ မြန်မာ့ရိုးရာချည်ထည်ထုတ်လုပ်ပုံများကို လာရောက်လေ့လာ၍ နှစ်ခြိုက်စွာ ဝယ်ယူကြပါသည်။ စည်းလုံချည်ဈေးနှုန်းများအနေဖြင့် ၂/၁၀၀ကျစ်ပိုး စည်းဝမ်း ဆက်တစ်စုံလျှင် ၂၃၀၀၀ကျပ်၊ 3D ပိုးစည်းတစ်စုံလျှင် ၂၅၀၀၀ကျပ်၊ စည်းလုံချည် (ရိုးရိုး)ဝမ်းဆက်တစ်စုံလျှင် ၂၂၀၀၀ကျပ်ဖြင့် ရောင်းချသလို အမျိုးသားဝတ်ပုဆိုးများဖြစ်သော အင်းမပုဆိုး၊ ချည်ပုဆိုး အမျိုးမျိုးကိုထုတ်လုပ်၍ရောင်းချကြပါသည်။ အမျိုးသမီးဝတ် အကျီများကို လည်း ပုံစံအမျိုးမျိုးချုပ်၍ရောင်းချကြပါသည်။

          ပူးပြင်းသောရာသီဥတုအပြင် ကျန် မိုးနှင့် ဆောင်းလများတွင်လည်း ဝတ်ဆင်နိုင်ကြသဖြင့် ဝတ်ဆင်သူများအနေဖြင့်လည်း ပြည်တွင်းဖြစ်ကိုအားပေး၍ ဈေးသက်သာစွာ ဝယ်ယူဝတ်ဆင် နိုင်ကြသလို  ထုတ်လုပ်သူများအနေဖြင့်လည်း တွက်ချေကိုက်ကြပါသည်။ နိုင်ငံတော် အနေဖြင့် လည်း ဝါကုန်ကြမ်းသီးနှံမှတစ်ဆင့် တန်ဖိုးမြှင့် ထုတ်ကုန်များထုတ်လုပ်လာနိုင်သဖြင့် အသေးစား၊ အငယ်စား၊ အလတ်စား MSMEs လုပ်ငန်းရှင်များကို အားပေးကူညီလျှက်ရှိရာ လုပ်ငန်းရှင် များအနေဖြင့် တန်ဖိုးမြှင့်ထုတ်ကုန်များပိုမိုတိုးတက်ထုတ်လုပ်လာနိုင်မည်ဖြစ်ပါက မိမိတို့အနေဖြင့် လည်း အကျိုးရှိသလို၊ နိုင်ငံတော်အနေဖြင့်လည်း  MSMEs လုပ်ငန်းများအောင်မြင်ဖြစ်ထွန်းလာပြီး နိုင်ငံခြားဝင်ငွေများ ရရှိလာနိုင်မည်ဖြစ်ပါသည်။

          ထို့ကြောင့် ပြည်ခရိုင်အတွင်း ရွှေတောင်မြို့နယ်တွင်သာမကဘဲ အခြားမြို့နယ် များတွင် လည်း မြန်မာ့ရိုးရာချည်ထည်လုပ်ငန်းများကိုတိုးချဲ့လုပ်ကိုင်လာနိုင်မည်ဆိုပါက ချည်ထည်လုပ်ငန်း အနေဖြင့် MSMEs လုပ်ငန်းများတိုးတက်လာနိုင်မည်ဖြစ်ပါကြောင်း လေ့လာသုံးသပ်တင်ပြ အပ်ပါသည်။

DOCA(ပဲခူး)