ပြည်ပဲဈေးကွက်အတွင်း နှစ်အလိုက် ကာလတူအချိန်ဖြစ်ပေါ်ခဲ့သော ပဲဈေးနှုန်း နှိုင်းယှဉ်မှု အခြေအနေ

Powered by Drupal

ပဲခူးတိုင်းဒေသကြီး၊ ပြည်ပဲမျိုးစုံဈေးကွက်အတွင်း ပြည်တွင်းအဝယ်ရှိသော ပဲများနှင့် ပြည်တွင်း စားသုံးမှုများပြီး ဒေသတွင်း ဝယ်လိုအားများသော ပဲများ ရှိ လက်လီ/ လက်ကား ရောင်းဝယ်မှု ဖြစ်လျက်ရှိခဲ့ကြပါသည်။အဆိုပါပဲများထဲတွင် မတ်ပဲ၊ ပဲတီစိမ်းနှင့် ပဲစင်းငုံသီးနှံများမှာ ပြည်ပ ဝယ်လိုအားရှိသည့်အတွက် လက်ကားရောင်းဝယ်မှု အဖြစ်များခဲ့ကာ စားတော်ပဲ၊ ပဲနီပြား စသည့် သီးနှံများကတော့ ပြည်ဈေးကွက်အတွင်း   ပြည်တွင်းစားသုံးမှုများသည့်အတွက် လက်လီ သမားအပြင် လက်ကားဝယ်ယူမှုလည်း ရှိခဲ့ကြပါသည်။အဆိုပါပဲများ၏ နှစ်အလိုက် ဒီဇင်ဘာလ အတွင်း ကာလတူ အချိန် ဖြစ်ပေါ်ခဲ့သော ဈေးနှုန်းများကို လေ့လာရာတွင် အောက်ပါအတိုင်း တွေ့ရှိ ရပါသည် -

စဉ်        ပဲအမျိုးအစား       ၂၀၂၁            ၂၀၂၂                 ၂၀၂၃         ၂၀၂၄                 တင်းဈေး

                                ဒီဇင်ဘာ     ဒီဇင်ဘာ        ဒီဇင်ဘာ      ဒီဇင်ဘာ                (ကျပ်)

၁။      မတ်ပဲ               ၄၀၅၀၀         ၅၈၀၀၀         ၉၅၅၀၀      ၁၁၀၀၀၀  

၂၊       ပဲတီစိမ်း                     ၄၀၀၀၀      ၅၀၀၀၀                  ၆၄၀၀၀       ၉၈၀၀၀            

၃။      ပဲစင်းငုံ             ၂၅၀၀၀        ၅၇၀၀၀                  ၉၃၀၀၀      ၁၁၀၀၀၀   

၄။      ပဲနီပြား             ၆၀၀၀၀      ၅၃၀၀၀                 ၁၄၀၀၀၀             ၁၈၀၀၀၀

၅။      စားတော်ပဲ        ၈၀၀၀၀       ၁၂၅၀၀၀               ၁၂၀၀၀၀      ၁၆၀၀၀၀    

မတ်ပဲသီးနှံအနေဖြင့် (၄)နှစ်တာ ကာလအလိုက် ဈေးနှုန်းနှိုင်းယှဉ်မှု အခြေအနေအရ  ၂၀၂၁ ခုနှစ်တွင် ပြည်ပဝယ်လက် ပဲတီစိမ်း၊ပဲစင်းငုံ ပဲအားလုံးထက် ဈေးပိုမြင့်နေပြီး ပြည်တွင်း ဝယ်လက် များသော စားတော်ပဲသီးနှံထက်တော့ ဈေးလျော့နည်းခဲ့ပါသည်။၂၀၂၃ ခုနှစ်မှစ၍ မတ်ပဲသီးနှံ ဈေးမြင့်တက်လာမှုကြောင့် ပဲတစ်တင်း ၉၅၅၀၀ ကျပ် ရရှိလာသည့်အတွက် ပြည်ပဝယ်လက် ပဲထဲမှာ ဈေးကောင်းဝင်နေခဲ့ပါသည်။၂၀၂၄ ခုနှစ်မှာတော့ မတ်ပဲသီးနှံဟာ ပဲသစ် ပေါ်ချိန်မှစ၍ ဈေးမြင့်တက်လာခဲ့သည့် အတွက် ဧပြီလ နောက်ပိုင်းတွင် ပဲတစ်တင်း ကျပ် တစ်သိန်းကျော်ထိ အရောင်း အဝယ်ဖြစ်ခဲ့ကြပြီး ဒီဇင်ဘာလကုန် ပတ်တွင် တစ်တင်း ၁၁၀၀၀၀ ကျပ် အထိ ရရှိ ခဲ့သော်လည်း ပြည်တွင်း ဈေးကွက်မှာ ဈေးကောင်းရရှိနေသော ပဲနီပြားနှင့် စားတော်ပဲသီးနှံဈေးကို  မမှီခဲ့ကြောင်း သိရပါသည်။

ပဲစင်းငုံသီးနှံသည် ၄ နှစ်တာ ကာလ ဈေးနှုန်းနှိုင်းယှဉ်မှုအရ  ၂၀၂၄ ခုနှစ်တွင် ပဲဈေးနှုန်း သိသိသာသာ မြင့်တက်လာမှုကြောင့် ပဲတစ်တင်း ၁၁၀၀၀၀ ကျပ်ဖြင့် ယခင်နှစ်များက ဈေးနှင့် ယှဉ်လျှင် မတ်ပဲသီးနှံဈေးနည်းတူဈေးကောင်းရခဲ့ပါသည်။ ပဲသစ်အဝင် မရှိသေးသည့် အတွက် ဈေးကွက်အတွင်း အရောင်းအဝယ် သိပ်မဖြစ်ဘဲ အရောင်းအဝယ်အေးနေခဲ့သည်ဟု သိရ ပါသည်။ နှစ်ဆန်းပိုင်းတွင် ဈေးကွက်သို့ ပဲသစ်များ ဝင်ရောက်လာနိုင်ပြီး ယခင်နှစ်က ပဲသစ်ပေါ်ချိန်တွင် တစ်တင်း ၁၁၅၀၀၀ ကျပ်ဖြင့် ရောင်းဝယ်ခဲ့သည့်အတွက်  ယခုကာလ ပေါက်ဈေးနှုန်းအတိုင်း ကွာခြားမှုသိပ်မရှိကြောင်းလေ့လာသိရှိရပါသည်။ပဲစင်းငုံဈေးမှာ ၂၀၂၁ ခုနှစ်တွင်  မတ်ပဲ သီးနှံဈေးထက် ဈေးလျော့ နေခဲ့ပြီး ၂၀၂၃ ခုနှစ်မှစ၍ ပဲစင်းငုံဈေး တစ်နှစ်ထက် တစ်နှစ် ဈေးမြင့်တက်လာသလို ၂၀၂၄ ခုနှစ်မှာတော့ ပဲစင်းငုံဈေးဟာ သိသိသာသာ ဈေးကွက် အတွင်း မြင့်တက်ခဲ့သည့်အတွက် တစ်တင်း  ကျပ် တစ်သိန်းအထက် ရရှိနေခဲ့ကြောင်း သိရပါသည်။

ပဲဈေးကွက်မှာ လက်ကားသမားထက် လက်လီသမားဖြင့်  ယခုကာလ အရောင်းအဝယ်ဖြစ်မှု များသည့် ပဲနီပြားသီးနှံ၏ နှစ်အလိုက် ကာလတူအချိန် ဈေးနှုန်း နှိုင်းယှဉ်မှုကိုလေ့လာရာတွင် ၂၀၂၂ ခုနှစ်တွင်  အခြားပဲများထက် ဈေးအေးခဲ့ပြီး  ၂၀၂၃ ခုနှစ်မှစ၍ ဈေးကွက်မှာ ဈေးမြင့်တက်ခဲ့သည့် အတွက် ပြည်ပဝယ်လိုအားရှိသော မတ်ပဲ၊ ပဲစင်းငုံ၊ ကုလားပဲ သီးနှံများထက်ပင် ဈေးပိုလာခဲ့ပါသည်။ ၂၀၂၄ ခုနှစ်တွင်လည်း ဈေးဆက်  မြင့်တက်ခဲ့တာကြောင့် နှစ်ကုန်ပိုင်းတွင် တစ်တင်း ၁၈၀၀၀၀  ကျပ်ဖြင့် ရောင်းဝယ်လျှက်ရှိတာကြောင့် ပဲဈေးကွက်အတွင်းဈေးအမြင့်ဆုံးဖြင့် စံချိန်တင် ရရှိခဲ့သည့် ပဲသီးနှံဖြစ်ခဲ့ပါသည်။

 ပဲဈေးကွက်အတွင်း(၄)နှစ်တာအတွင်း ကာလတူ အချိန်ဖြစ်ပေါ်ခဲ့သော ဈေးနှုန်းများအရ  ဒေသတွင်းလက်လီရောင်းဝယ်မှုအဖြစ်များသည့် စားတော်ပဲသီးနှံသည် နှစ်စဉ်လိုလို ဈေးကောင်း ရလျှက်ရှိပြီး ပဲဈေးကွက်မှာ ၂၀၂၁ ခုနှစ်နှင့် ၂၀၂၂ ခုနှစ်များအတွင်း  ပြည်တွင်း ဝယ်လက် ပဲများအပြင် ပြည်ပဝယ်လက်ပဲများထက်ပင် ဈေးပိုရရှိနေခဲ့ပါသည်။၂၀၂၃ ခုနှစ်တွင် ပဲနီပြား သီးနှံကလည်း ဈေးနှုန်းများသိသာစွာ မြင့်တက်လာမှုကြောင့် အဆိုပါ ပဲသီးနှံ များအနေဖြင့် မတ်ပဲ၊ ပဲတီစိမ်း၊ပဲစင်းငုံသီးနှံများထက် ဈေးပိုရရှိခဲ့ပါသည်။ စားတော်ပဲ သီးနှံသည် နှစ်စဉ်ဈေးကောင်း ရသည်ဆိုသော်လည်း ၂၀၂၃ ခုနှစ်နှင့် ၂၀၂၄ ခုနှစ်တို့တွင် ပဲနီပြားသီးနှံဈေးမြင့်တက်လာမှုကြောင့်  ပဲနီပြားသီးနှံဈေးထက် အနည်းဝယ်လျော့နည်း ရောင်းဝယ်မှု ရှိကြကြောင်း လေ့လာသိရှိရပါသည်။

DOCA( ပဲခူး)