မင်းဘူးမြို့နယ်၏ ပြောင်းစေ့အရွကြော်လုပ်ငန်းသို့ ကွင်းဆင်းခြင်း

Powered by Drupal

               မြန်မာနိုင်ငံတွင် ဖူးစားပြောင်း၊ အစေ့ထုတ်ပြောင်းများကို နိုင်ငံတဝှမ်း စိုက်ပျိုးလျက်ရှိပြီး ဖူးစားပြောင်းကို အဖူးလိုက်ပြုတ်၍လည်းကောင်း၊ ကြော်ချက်၍လည်းကောင်း စားသုံးကြပြီး အစေ့ထုတ်ပြောင်းကို တိရိစ္ဆာန်အစာနှင့် ကုန်ကြမ်းအတိုင်း ပြည်ပသို့တင်ပို့ရောင်းချလျက်ရှိရာ တန်ဖိုးမြှင့်ထုတ်ကုန်အဖြစ် ထုတ်လုပ်ရောင်းချနိုင်ပါက ပိုမိုတွက်ခြေကိုက်မည်ဖြစ်ပြီး ဝင်ငွေလည်း ပိုမိုရရှိနိုင်မည်ဖြစ်ပါသည်။ မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့နယ်တာဝန်ခံ ဦးမြင့်ကြည်နှင့် ဝန်ထမ်းများသည် (၉.၅.၂၀၂၂)နေ့ နံနက်(၁၀:၃၀)နာရီအချိန်တွင် မင်းဘူးမြို့၊ အမှတ်(၁) နယ်မြေ၊ သိမ်ကုန်းရပ်ကွက်ရှိ ဦးကျော်ကျော်၏ “ရှိုင်း” ပြောင်းစေ့အရွကြော်လုပ်ငန်းသို့ သွားရောက် တွေ့ဆုံမေးမြန်းခဲ့ပါသည်။

             လုပ်ငန်းရှင်၏ ပြောကြားချက်အရ မိသားစုတစ်နိုင်တစ်ပိုင်လုပ်ငန်းဖြစ်ကြောင်း ပြောင်းစေ့အရွကြော် ပြုလုပ်ပုံအဆင့်ဆင့်အနေဖြင့် ပထမဦးစွာ ပြောင်းစေ့အား ထုံးရေကြည်ဖြင့်စိမ်ပြီး မီးဖြင့်ထပ်၍ ပြုတ်ရပါကြောင်း၊ ပြုတ်ပြီးသားပြောင်းစေ့များအား ထုံးရေများ ကုန်စင်အောင်ရေဖြင့် စင်ကြယ်စွာ ဆေးရပါကြောင်း၊ ၎င်းဆေးပြီးသား ပြောင်းစေ့များအား တစ်ခါမီးဖြင့်ထပ်၍ ပြုတ်ရပြီး ပြောင်းစေ့များအား (၂)ရက်ခန့် နေလှန်းထားရပါကြောင်း၊ နေလှန်းပြီးပြောင်းစေ့များအား ဆား၊ ဂျင်း၊ ကြက်သွန်ဖြူများ ထည့်၍ကြော်ရပါကြောင်း၊ ကြော်ပြီးသား ပြောင်းစေ့ကြော်များအား (၂၀၀)တန် (၃၀၀)တန် အထုပ်များထုတ်၍ ဈေးကွက်အတွင်း ဖောက်သည်ပေး၍ ရောင်းချရကြောင်း၊ ပြောင်းစေ့(၁)တင်းပြုတ်လျှင် ပြောင်းစေ့ကြော် (၈)ပိဿာ/(၉)ပိဿာရကြောင်း၊ ပြောင်းစေ့ကြော်  (၁)ပိဿာလျှင် (၆၀၀ဝ/၆၅၀၀)ကျပ် ရောင်းရပါကြောင်း၊ ပြောင်းစေ့(၁)တင်းလျှင် (၃၀၀၀၀)ကျပ် ဝယ်ရပြီး ဆီဖိုး၊ ထင်းဖိုး နှုတ်ပါက ပြောင်းစေ့(၁)တင်းလျှင် (၁၄၀၀၀)ကျပ်ခန့် အမြတ်ကျန်ရှိကြောင်း သိရှိရပါသည်။

             ကိုဗစ်ကာလ ကျန်းမာရေးအခြေအနေများအရ မန်းရွှေစက်တော်ဘုရားပွဲ ကျင်းပနိုင်ခြင်းမရှိ၍ ဒေသတွင်းသာ ရောင်းချရ၍ အရောင်းအဝယ်နည်းပါးသည့်အတွက်  မိသားစုတစ်ပိုင်တစ်နိုင် သာလုပ်ကိုင်ဆောင်ရွက်ကြောင်း၊ ယခင်နှစ်များက မန်းရွှေစက်တော်ရာဘုရားပွဲတော် ဖွင့်ရက် များတွင် အများဆုံးရောင်းချရပြီး လုပ်သားငှားရမ်း ဆောင်ရွက်ရသည့်အတွက် ဒေသတွင်း အလုပ်အကိုင် ဖန်တီးပေးနိုင်ကြောင်း၊ အရောင်းအဝယ်ပါးနေစဉ်ကာလအတွင်း သက်ဆိုင်ရာဌာန (အသေးစားစက်မှု လုပ်ငန်းဦးစီး/ စားသုံးသူရေးရာဦးစီးဌာန)များ၏ ထောက်ခံချက်များရရှိရေး ပြင်ဆင်ဆောင်ရွက်လျက်ရှိကြောင်း လုပ်ငန်းရှင် ဦးကျော်ကျော်၏ ပြောကြားချက်အရ လေ့လာသိရှိရပါသည်။

DOCA(မကွေး)