တောင်ငူမြို့ နွေစပါးဈေးကွက်

Powered by Drupal

               ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ တောင်ငူမြို့နယ်တွင် နိုင်ငံတော်၏ဝမ်းစာ မဟာဗျူဟာကျသော စပါးသီးနှံကို မိုးစပါးနှင့် နွေစပါး နှစ်ရာသီစိုက်ပျိုးကြပါသည်။ ၂၀၂၁-၂၀၂၂ ခုနှစ်တွင် တောင်ငူမြို့နယ်၏ နွေစပါးစိုက်ပျိုးမှုဧက ၁၆၅၃၇ စိုက်ပျိုးထားရာ တစ်ဧက ပျမ်းမျှ ၈၅ တင်း ထွက် ရှိပါက စပါးတင်း တစ်ဆယ့်လေးသိန်းခန့် ထွက်ရှိလာနိုင်ပါသည်။ ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ ၅ ရက် နေ့တွင် နွေစပါးစိုက်ပျိုးရန် ခပေါင်းဆည်၊ ပသိဆည်၊ ကမ်းနီဆည်နှင့် ကရင်ချောင်းမြစ်ရေတင် စီမံကိန်းများမှ စိုက်ပျိုးရေစတင်လွှတ်ပေးခဲ့ပြီး နွေစပါးများ အောင်မြင်ဖြစ်ထွန်းလျှက်ရှိရာ ဧပြီလ ၂၅ ရက်နေ့အထိ ၉၇၉ ဧက ရိတ်သိမ်းပြီးဖြစ်ပါသည်။

              နွေစပါးစိုက်ပျိုးထားသော စပါးများမှာ ထိုင်းနှံကောက်၊ ရတနာတိုး၊ နယူးဧရာ၊ ရက် ၉၀ စပါးများဖြစ်ပါသည်။ နွေရာသီတွင် ထိုင်းနှံကောက်စပါးသည် ရာသီဥတုနှင့် ကိုက်ညီပြီး အထွက်ကောင်းသောကြောင့် အများဆုံးစိုက်ပျိုးကြသည်ဟု သိရပါသည်။ ထိုင်းနှံကောက် အထွက်နှုန်းမှာ တစ်ဧကလျှင် ၈၅ တင်းခန့်အနည်းဆုံးရှိပြီး မြေကောင်း၊ သွင်းအားစုကောင်းသောနေရာများတွင် ၉၅ တင်းမှ တင်း ၁၀၀ အထိ ထွက်ရှိကြောင်း သိရပါသည်။

              ယခုနှစ် နွေစပါးစိုက်ပျိုးချိန်တွင် မျိုး၊ သွင်းအားစု၊ ထွန်ယက်ခ၊ လုပ်သားခနှင့် စက်သုံးဆီဈေးနှုန်းများ မြင့်တက်လာခြင်းကြောင့် တစ်ဧကစိုက်ပျိုးစရိတ် မြင့်တက်လာကြောင်း၊ ယခင်နှစ် က စက်ရိတ်ခမှာ တစ်ဧက ၅၀၀၀၀ ကျပ်ပေးရပြီး ယခုနှစ်တွင် ၇၅၀၀၀ ကျပ်ပေးရကြောင်း၊ ဧပြီလ ၂၈ ရက်နေ့က စပါးဈေးမှာ ကွင်းဈေး ၈၀၀၀၀၀ ကျပ်ရှိကြောင်း၊ အစိုဓါတ် ၂၂ ရာခိုင်နှုန်း ကျော်လွန်နေသည့်အတွက် တစ်တင်းကို ၁၅ ပိဿာသတ်မှတ်၍ ဝယ်ယူကြောင်း၊ ယခင်နှစ်က စပါးတင်း ၁၀၀ လျှင် ၅၆၀၀၀၀ ကျပ်သာရှိရာ ယခုနှစ်တွင် လက်ရှိ အရောင်းအဝယ်ဖြစ်နေသည့် ၈၀၀၀၀၀ ကျပ်အတိုင်း ဖြစ်နေပါက အရှုံးမရှိပါကြောင်း နွေစပါးစိုက်ပျိုးသူ ကြံတောကျေးရွာမှ တောင်သူ ဦးသက်လွင်၏ ပြောကြားချက်အရ သိရှိရပါသည်။

DOCA(ပဲခူး)