မကွေးတိုင်းဒေသကြီး၊ အထက်မင်းလှမြို့နယ်၊ ပန်းတော်ပြင်ကျေးရွာအုပ်စု၊ ဥယျာဉ်ကျေးရွာ၌ ပဲစဉ်းငုံ၊ ပဲကြီး၊ စပါး၊ ကြက်သွန်နီ၊ ကုလားပဲ၊ မြေပဲနှင့်နှမ်းတို့ကို နှစ်စဉ်စိုက်ပျိုးလျက်ရှိရာ ဆောင်းသီးနှံတစ်မျိုးဖြစ်သည့် ပဲကြီးကို တောင်သူ(၁၅)ဦးမှ စိုက်ဧက(၁၃)ဧကအား ၂၀၂၄ခုနှစ်၊ နိုဝင်ဘာလတွင် စတင်စိုက်ပျိုးခဲ့ကြောင်း သိရသည်။
မျိုးအနေဖြင့် ယခင်နှစ်ပဲကြီးစိုက်ခင်းမှထွက်ရှိသော လက်ကျန်ပဲကြီးများကို မျိုးအဖြစ်ဖယ် ချန်၍ စိုက်ပျိုးခြင်းဖြစ်ကြောင်း၊ စိုက်ပျိုးရာတွင် ထွန်ကြောင်းဆွဲ အစေ့ချစနစ်ဖြင့် စိုက်ပျိုးကြပြီး (၁)ဧကလျှင် မျိုး(၁၀)ပြည်ခန့် ကုန်ကျကြောင်း၊ စိုက်ပျိုးပြီး(၄)လအကြာတွင် ရိတ်သိမ်းရကြောင်း၊ ကုန်ကျစရိတ်အနေဖြင့် ယခင်နှစ်နည်းတူ ယခုနှစ်တွင်လည်း မြေပြုပြင်ခ၊ လုပ်အားခနှင့် အခြားသွင်းအားစုများအပါအဝင် ကျပ်(၃)သိန်းခန့်ကုန်ကျကြောင်း၊ အထွက်နှုန်းအနေဖြင့် ယခင်နှစ် က (၁)ဧကလျှင် (၁၁) တင်းမှ (၁၂)တင်းထိထွက်ရှိပြီး ဈေးနှုန်းအနေဖြင့် (၁)တင်းလျှင် ကျပ် (၈၀၀၀၀)ခန့်ရရှိခဲ့ကြောင်း၊ အကျိုးအမြတ်အနေဖြင့် ကျပ်(၅၈၀၀၀၀ - ၆၆၀၀၀၀)ခန့် ရရှိခဲ့ကြောင်း၊ ထွက်ရှိသည့် ပဲကြီးသီးနှံများကို မင်းလှမြို့ပေါ်ရှိ ပွဲရုံများနှင့် ပဲကြော်ဖိုများသို့ ရောင်းချကြောင်း၊ ယခု ဒီဇင်ဘာလ(ဒုတိယပတ်)တွင် ပဲကြီး(၁)တင်းလျှင် ကျပ်(၈၅၀၀၀)ဈေးဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ဥယျာဉ်ကျေးရွာနေ ပဲကြီးစိုက်တောင်သူတစ်ဦးထံမှ သိရှိရပါသည်။
DOCA(မကွေး)