အရောင်းအဝယ်အေးနေတဲ့ ကွန်ကရစ်ပစ္စည်းဈေး

Powered by Drupal

     မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ မြင်းခြံမြို့၌ ကွန်ကရစ်ပစ္စည်းများကို အဓိကပြုလုပ် ရောင်းချနေသော ကွန်ကရစ်ပစ္စည်းဈေးကွက်တွင် ကုန်ကြမ်းဈေးနှုန်းများ မြင့်တက်နေသည့်အတွက် ကုန်ချောရောင်းအားများ ကျဆင်းလျက်ရှိကြောင်း ကွန်ကရစ်ပစ္စည်းပြုလုပ်ရောင်းချသူ လုပ်ငန်းရှင် တစ်ဦး၏ ပြောပြချက်အရသိရှိရပါသည်။

     ထုတ်လုပ်သည့်ကွန်ကရစ်ပစ္စည်းများမှာ (၇)ပေနှင့်(၈)ပေအရှည်ရှိကွန်ကရစ်တိုင်များ၊ ရေစည် (၃)စည်ဆံ့နှင့်တစ်စည်ဆံ့ရေကန်များ၊ အဆောက်အဦဆောက်လုပ်ရာတွင် တိုင်များ၏အောက်ခံအဖြစ် အသုံးပြုသည့် အမြင့်(၂)ပေရှိ ကျင်တွယ်ခုံအသေးနှင့်အလတ်၊ အမြင့်(၂.၅)ပေရှိကျင်တွယ်ခုံအကြီးများ၊ မိလ္လာကျင်းများတွင်အသုံးပြုသည့် အမြင့်(၁.၅)ပေရှိသည့်ကွန်ကရစ်ခွေများ၊ အလှပန်းများထည့်သွင်း စိုက်ပျိုးသည့် အဝအကျယ်တစ်ပေရှိ ကွန်ကရစ်ပန်းအိုးအသေး၊ အဝအကျယ်(၁.၅)ပေရှိ ပန်းအိုးအလတ်၊ အဝအကျယ်( ၂)ပေရှိ ပန်းအိုးအကြီးတို့ကို ပုံမှန်ထုတ်လုပ်လျက်ရှိပါသည်။

   ယခုလက်ရှိ ရောင်းချလျက်ရှိသည့် ဈေးနှုန်းများအနေဖြင့် (၇)ပေကွန်ကရစ်တိုင်တစ်တိုင်လျှင် ၂၂၀၀၀ကျပ်၊(၈)ပေကွန်ကရစ်တိုင်တစ်တိုင်လျှင် ၂၆၀၀၀ကျပ်၊ (၃)စည်ဆံ့ရေကန်တစ်ကန်လျှင် ၆၀၀၀၀ ကျပ်၊ ကျင်တွယ်ခုံအသေးတစ်ခုလျှင် ၁၅၀၀၀ကျပ်၊ အလတ်တစ်ခုလျှင် ၂၅၀၀၀ကျပ်နှင့် အကြီးတစ်ခုလျှင် ၃၀၀၀၀ကျပ်၊ မိလ္လာကွန်ကရစ်ခွေတစ်ခွေလျှင် ၂၅၀၀၀ကျပ်၊ ပန်းအိုးအသေးတစ်အိုး လျှင် ၈၀၀၀ ကျပ်၊ အလတ်တစ်အိုးလျှင် ၁၀၀၀၀ကျပ်နှင့် အကြီးတစ်အိုးလျှင် ၁၅၀၀၀ကျပ်နှုန်းတို့ဖြင့် အသီးသီး ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။

    အရောင်းရဆုံးပစ္စည်းများမှာ (၇)ပေကွန်ကရစ်တိုင်များဖြစ်ပြီး (၃)စည်ဆံ့ရေကန်များမှာ ဒုတိယ အရောင်းရဆုံးပစ္စည်းများဖြစ်ကြောင်း၊ ကုန်ကြမ်းပစ္စည်းများဖြစ်သည့် ဘိလပ်မြေ၊ ကျောက်၊ သံချောင်း ဈေးများမြင့်တက်နေသဖြင့် အမြတ်နည်းသော်လည်း မိမိလုပ်ငန်းခွင်ရှိလုပ်သားများ၏ စားဝတ်နေရေး အတွက် အလုပ်အကိုင်မပျက်လုပ်ကိုင်နိုင်ရန်ရည်ရွယ်ပြီး ဝယ်လိုအားအပေါ်မူတည်၍ ဈေးနှုန်းကို ချင့်ချိန် ရောင်းချနေရပါကြောင်း၊ ယခုလက်ရှိကာလတွင် မိမိတို့ထုတ်လုပ်လျက်ရှိသည့် ကွန်ကရစ် ပစ္စည်းများအရောင်းပါးပြီး ယခင်နှစ်ကထက် ရောင်းအားသိသိသာသာလျော့နည်းနေကြောင်းနှင့် အော်ဒါမှာယူမှုများကိုလည်း လက်ခံပြုလုပ်ပေးလျက်ရှိပါကြောင်း သိရှိရသည်။

DOCA(မန္တလေး)