ကျောက်ဆည်မြို့နယ်ရှိ တောင်သူအများစုမှာ စပါးစိုက်ပျိုးမှုအပြင် ဟင်းသီးဟင်းရွက် သစ်သီးဝလံများအား စီးပွားဖြစ်စိုက်ပျိုးလျက်ရှိရာ တောင်လွှဲကျေးရွာ၊ တောင်နောက်ကျေးရွာ၊ သံရွာကျေးရွာ၊ သံနောက်ကျေးရွာနှင့် အရှေ့သပြေကုန်းကျေးရွာများတွင် အများဆုံးစိုက်ပျိုးလျက်ရှိပြီး မိသားစု အပိုဝင် ငွေရရှိသည့် ရာသီမရွေးစိုက်ပျိုးနိုင်ပြီး ရာသီမရွေးစားသုံးနိုင်သည့် ဈေးကွက်ဝယ်လိုအားရှိသည့် ကီလိုမာလကာပင်များကိုလည်း စိုက်ပျိုးလာကြပါသည်။ ၎င်းသီးနှံ ကို ယာမြေများတွင် ဩဂုတ်၊ စက်တင်ဘာလများတွင် အများဆုံးစိုက်ပျိုးကြပါသည်။ မိုးဦးကျ ကာလများတွင် စိုက်ပျိုးပါက အပင်များ ပိုမိုရှင်သန်နိုင်ပြီး အစေ့မျိုးပင်(သို့မဟုတ်) မြေထုပ် စည်းမျိုးပင်ကို (၁)နှစ် သားအရွယ်ရောက်လျှင် မြေချစိုက်ပျိုးနိုင်ပါသည်။ စိုက်ပျိုးရာတွင် (၁)ပင် နှင့်(၁)ပင် (၁၅-၁၆)ပေ ခြား၍ စိုက်ပျိုးရပါသည်။ မာလကာပင်ကို အစေ့မှ စိုက်ပျိုးလျှင် (၄-၅) နှစ်ထိ ကြာနိုင်ကြောင်း၊ ကိုင်းဆက်မြေထုပ်ပျိုးပင်ကို (၁)နှစ်ခွဲ(၂)နှစ်အတွင်းမှာ အသီးသီး ပါကြောင်း၊ စီးပွားဖြစ်စိုက်ပျိုးသော တောင်သူဦးကြီးများက ကိုင်းဆက်မြေထုပ်စည်း အပင်ကို သာ အများဆုံးစိုက်ပျိုး ကြပါသည်။ ပျိုးပင်တစ်ပင်လျှင် အပင်အရွယ်အစားပေါ်မူတည်၍ (၁၅၀၀-၂၅၀၀-၃၅၀၀-၄၀၀၀)ကျပ်အထိ ဈေးနှုန်းရှိကြောင်း၊ တစ်ဧကလျှင် ကီလိုမာလကာပင် (၃၅၀)ပင် စိုက်ပျိုးကြပြီး (၁)နှစ်ခွဲသားတွင် ရောင်းတန်းဝင် အသီးများ စတင်ခူးဆွတ်ရကြောင်း၊ စတင်ခူးဆွတ်ချိန်တွင် မာလကာသီးအလုံး(၉၀၀-၁၀၀၀)ခန့် ခူးဆွတ်ရကြောင်း၊ မိုးဦးကျနှင့် မိုးရာသီတွင် အသီးအမြောက်အမြားထွက်ရှိသော်လည်း ဆောင်းနှင့်နွေတွင် အသီးအထွက်နှုန်း လျော့နည်းပါသည်။ ကီလိုမာလကာသီး တစ်လုံးလျှင်လက်လီဈေး (၇၀၀-၅၀၀)ကျပ် အထိ ရောင်းချရကြောင်း၊ လက်ကားဈေးအနေဖြင့် အလုံးအကြီး၊ အသေးပေါ်မူတည်၍ (၃၀၀-၄၀၀) ကျပ် ဈေးများဖြင့် ရောင်းချပေးကြောင်း၊ကျောင်းဖွင့်ရာသီချိန်မျိုးတွင် ပိုမိုအရောင်းသွက်ကြောင်း၊ မာလကာသီးကို ဒေသတွင်းမြို့နယ်များရှိ ဈေးများနှင့် ရွှေသိမ်တော်ဘုရားသို့ လာရောက် ဘုရားဖူးကြသူများမှာလည်း အိမ်ပြန်လက်ဆောင်အနေဖြင့် အများဆုံးဝယ်ယူကြကြောင်း၊ မာလကာသီးစားသုံးခြင်းဖြင့် ဗီတာမင်စီများစွာ ရရှိသဖြင့် ကျန်းမာရေးနှင့် ညီညွတ်ပြီး စီးပွား လည်းဖြစ် ဝင်ငွေလည်းတိုးသော ကီလိုမာလကာပင်များကို မိသားစု အပိုဝင်ငွေရရှိအောင် တိုးချဲ့ စိုက်ပျိုးသင့်ပါကြောင်း မာလကာသီးအများဆုံး စိုက်ပျိုးသော တောင်နောက်ကျေးရွာမှ တောင်သူတစ်ဦး၏ ပြောကြားချက်အရ သိရှိရသည်။
DOCA(မန္တလေး)