ကျောက်ဆည်မြို့နယ်သည်မြေဆီ၊ မြေလွှာကောင်းမွန်သောဒေသဖြစ်ပြီး၊ ရာသီပေါ်သီးနှံ မျိုးစုံ စိုက်ပျိုးသည့်အပြင် နှစ်ရှည်သီးနှံများလည်း စိုက်ပျိုးလျက်ရှိရာ ၄င်းတို့အနက်မှ မိသားစု အပိုဝင်ငွေ ရရှိသည့် ရာသီမရွေးစိုက်ပျိုးနိုင်ပြီး ရာသီမရွေးစားသုံး နိုင်သည့် ဈေးကွက်ဝယ်လိုအား ရှိသည့်ဂွေးပင် များကိုတိုးချဲ့စိုက်ပျိုးလာကြပါသည်။ ဂွေးပင်မှာ မည်သည့် မြေအမျိုးအစားကို မဆို ရှင်သန်ဖြစ်ထွန်းနိုင်ပါသည်။ မိုးဦးကျကာလများတွင် စတင်စိုက်ပျိူးပါက အပင်များ ပိုမိုရှင်သန်ပြီး အသေအပျောက်နည်းပါးပါသည်။ တစ်ဧကစိုက်ပျိုးမှုတွင်အပင် (၅၀)မှ (၆၀) အထိ စိုက်ပျိုးရကြောင်း၊ ဂွေးပင်အမျိုးမျိုးရှိရာ ခြောက်လဂွေးမျိုး၊ တစ်နှစ် ပတ်လုံးသီးသောဂွေးမျိုးနှင့် ပင်ကြီးဂွေးဟူ၍ရှိရာ နှစ်ရှည်စားသုံးစိုက်ပျိုးသောအပင်မှာ ပင်ကြီး ဂွေးမျိုးကိုသာ စိုက်ပျိုးကြပါ သည်။ ခြောက်လဂွေးပင် ပျိုးပင်တစ်ပင်လျှင်(၄၀၀၀-၄၅၀၀)ကျပ်၊ တစ်နှစ်လုံးသီးသော ဂွေးပင် ပျိုးပင်တစ်ပင်လျှင်(၅၀၀၀)ကျပ်ခန့်ရှိပြီး ပင်ကြီးဂွေးပင် တစ်ပင် လျှင် အပင်ပေါ် မူတည်၍ (၁၅၀၀)ကျပ်မှ(၂၀၀၀)ကျပ်အထိရှိကြောင်း၊ ဂွေးပင်စိုက်ပျိုးမှုတစ်ဧက ကုန်ကျစရိတ်အနေဖြင့် မိသားစုလုပ်အားခမပါ(၇၅၀၀၀၀)ကျပ်ခန့်ကုန်ကျကြောင်း၊ စိုက်ပျိုးပြီး သုံးနှစ်ကြာလျှင် အသီး များစတင်ခူးဆွတ်ရောင်းချနိုင်ပါသည်။ ဂွေးသီးပင်သည် တစ်နှစ်ကို နှစ်ကြိမ် အသီးသီးပြီး တစ်ကြိမ် လျှင်ခြံပြတ်ရောင်းမည်ဆိုပါက အသီးပါးလျှင်(၃၀၀၀၀၀-၃၅၀၀၀၀) ကျပ်ရရှိပြီး အသီး များလျှင် (၄၀၀၀၀၀-၄၅၀၀၀၀)ကျပ်အထိ ရောင်းချရကြောင်း၊ တစ်ချို့ပွဲစားများက တစ်နှစ် ပတ်လုံးသီးသော အသီးကိုကြိုတင်ပေးဖြင့်လည်း ဝယ်ယူကြောင်း၊ တစ်ချို့ခြံရှင်များမှာ ကြိုတင်ပေးရောင်းချခြင်းကို မပြုလုပ်ဘဲ အသီးများကိုနေ့စဉ်ခူး၍ ကျောက်ဆည်မြို့၊ အေးမြ ကြည်လင်ဈေး တွင်နေ့စဉ်ဖောက်သည် ပေးရောင်းချသလို လက်လီဈေးများဖြင့် စားသုံး သူများ စိတ်ကြိုက်ဝယ်ယူလို့ရအောင်လည်းရောင်းချ ပေးလျက်ရှိပါသည်။ ဖောက်သည်ဝယ်ယူသူများ အနေဖြင့် (၂)တင်းဝင်အိတ် တစ်အိတ်လျှင်(၂၅၀၀၀-၃၀၀၀၀)ကျပ် အထိရောင်းချရပြီး လက်လီဈေး အနေဖြင့် အလုံးပေါ်မူတည်၍ (၁၀)လုံးလျှင်(၅၀၀)ကျပ်၊ အလုံး(၃၀)ကို (၂၁၀၀) ကျပ်၊ အလုံး(၂၅)လုံးကို(၁၇၅၀)ကျပ်ဈေးများဖြင့် ရောင်းဝယ်လျက်ရှိပါသည်။ ဂွေးသီး များကို မြို့ပေါ်ရှိပွဲစားများမှာ ခြံမှအသီးကိုကြည့်၍ ကြိုတင်လာဝယ် ယူမှုများရှိသလို အချဉ် ပေါင်းသည်၊ ကျောင်းမုန့်ဈေးသည်များမှလည်း လာရောက်ဝယ်ယူကြပါသည်။ လက်လီ ဝယ်ယူသူများမှ အိမ်တွင် ဂွေးသီးကိုငရုတ်သီး၊ ကြက်သွန်နီတို့ဖြင့်ရော၍ ထောင်းကာထမင်းဖြင့် တွဲဖက်၍ စားသုံးကြသလို ဂွေးသီးကို ပါးပါးလှီး၍ ငပိ၊ ပုဇွန်ခြောက်တို့ဖြင့်ရောကာ ဂွေးသီးငပိချက် အဖြစ်လည်း ချက်၍စားသုံးကြပါသည်။ ဂွေးသီးစားသုံးခြင်းဖြင့် ဗီတာမင်စီ ကြွယ်ဝစွာ ရရှိသဖြင့် ကျန်းမာရေးနှင့်ညီညွတ်ပြီး စီးပွားလည်းဖြစ်ဝင်ငွေတိုးသော ဂွေးပင်ကိုတိုးချဲ့စိုက်ပျိုးသင့် ပါကြောင်း ဂွေးသီးစိုက်ပျိုးသော ပင်တလည်ကျေးရွာမှ တောင်သူတစ်ဦး၏ ပြောကြားချက်အရ သိရှိရသည်။
DOCA(မန္တလေး)