ဒေသမရွေးသည့်မေမြို့ပန်း(Aster)

Powered by Drupal

      မြန်မာနိုင်ငံတွင်မေမြို့ပန်း(Aster)ကို ပြင်ဦးလွင်(မေမြို့)တွင်သာမက ယခုအခါ    တိုင်းဒေသကြီးနှင့် ပြည်နယ်အနှံ့အပြား၌ အများအပြားစိုက်ပျိုးဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။ မေမြို့ပန်းသည် အခိုင်လိုက် အစုလိုက်ပွင့်သော ပန်းဖြစ်ပြီး အရောင်အသွေးအားဖြင့် အဖြူ၊အနီ၊ ပန်းရောင်၊ဗေဒါရောင်တို့ရှိသည်။မေမြို့ပန်းသည် မျိုးစေ့ကို အရင်ပျိုးထားပြီးနောက် ပျိုးပင် သက်တမ်း(၃၀)ရက်အကြာတွင် စတင်စိုက်ပျိုးရပါသည်။ မေမြို့ပန်းအမျိုးအစားများတွင်မျိုးအား ဖြင့်အက်စတာ(အနီ)၊အက်စတာ(အဖြူ)၊ မော့စ်၊ရိုးစိမ်းကျောက်နီ၊ကြက်လည်ဆံ၊ ပင်ကား၊ပင်ထောင်၊ ပွမ်ပွမ်စသည်ဖြင့် အပွင့်အရောင်ပန်းပွင့်ပုံကိုမူတည်၍ မြန်မာအခေါ်အဝေါ်များရှိသည်။ အများအားဖြင့် တိုင်းဒေသကြီး/ပြည်နယ်အနှံ့အပြားတွင် အက်စတာမျိုးကိုသာစိုက်ပျိုးကြသည်။ မေမြို့ပန်း သည်စနစ်တကျစိုက်ပျိုးပါက တောင်သူများနှစ်စဉ်ဝင်ငွေရရှိနိုင်သည့်အပြင် ခြံလုပ်သားများ အတွက်လည်း အလုပ်အကိုင် အခွင့်အလမ်းများကို ဖော်ဆောင်ပေးနိုင်သည်။

     ပြင်ဦးလွင်မြို့ရှိ အက်စတာမေမြို့ပန်းများကိုသီတင်းကျွတ်လ၌စတင်စိုက်ပျိုးပြီး ပြာသိုလ တွင်အပင် လိုက်နှုတ်စည်း၍စတင်ရောင်းချကြပါသည်။မေမြို့ပန်းသည် တစ်ဧကလျှင်အပင်ရေ (၁၇၀၀၀)ခန့်စိုက်ပျိုးရပြီး၊ (၁)ဧကစိုက်ပျိုးစရိတ်မှာသွင်းအားစုနှင့်လုပ်အားခအပါအဝင် ကျပ်   သိန်း၅၀ခန့်ကုန်ကျကြောင်း၊မေမြို့ပန်းသည် စိုက်ပျိုးပြီးနောက်(၃)လအကြာတွင် စတင်နှုတ်ယူ ခူးဆွတ်နိုင်ကြောင်း၊ နေ့စဉ်နှုတ်ယူခူးဆွတ်ရသောအပင်များဖြစ်၍ တစ်ရက်လျှင်အစည်းရေ (၁၀၀/၂၀၀) ပုံမှန်နှုတ်ယူခူးဆွတ်လျက်ရှိကြောင်း၊ ပြင်ဦးလွင်မှထွက်ရှိသောမေမြို့ပန်းများအား အောင်ချမ်းသာကျေးရွာ၊ အနီးစခန်းကျေးရွာ၊ ကျောက်မီးကျေးရွာ၊ လက်ကောင်းကျေးရွာများ နှင့် မန္တလေးပန်းတန်းရှိကုန်သည်ပွဲစားများက စိုက်ခင်းသို့ လက်ကားဈေး လက်ဆုတ်စည်းအကြီး တစ်စည်းလျှင် ကျပ်(၁၂၀၀၀/-)ဝန်းကျင်ခန့်ဖြင့်လာ‌ရောက်ဝယ်ယူလျက်ရှိကြောင်းသိရပါသည်။    ဈေးနှုန်းအားဖြင့်နှိုင်းယှဉ်ပါက မေမြို့ပန်းပေါ်ကာစအချိန်တွင် ကျပ်(၁၂၀၀၀/-)ခန့်ရှိသော်လည်း   ပေါ်များသည့်အချိန်တွင်ဈေးမှာအချိန်ရာသီပေါ်မူတည်၍ (၁၁၀၀၀/-) ဝန်းကျင်ခန့်အနည်းငယ်  ကျဆင်းလျက်ရှိပါသည်။

    ယခုအခါမေမြို့ပန်းကို ဘုရားပန်း၊အလှူ၊မင်္ဂလာဆောင်ဧည့်ခံပွဲများတွင် အမြတ်တနိုးထားအလှဆင်မှု များပြားလာကြသောကြောင့် ဈေးကွက်ဝင်ပန်းတစ်မျိုး ဖြစ်လာသည့်အပြင် ဈေးကွက်ဝယ်လိုအားကောင်းလာပြီး အကျိုးအမြတ်များစွာ ရရှိသည့်အတွက် ပြင်ဦးလွင်မြို့တွင်သာမက တိုင်းဒေသကြီး/ ပြည်နယ်အနှံ့အပြားတွင် မေမြို့ပန်းများကို တစ်နိုင်တစ်ပိုင်ဖြင့် စိုက်ပျိုးလျက်ရှိကြောင်းသိရသည်။

DOCA(မန္တလေး)