စျေးကွက်အတွင်းသို့ ဝင်ရောက်လာသည့်ငှက်ပျောသီးများမှာ မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးနှင့်ပဲခူတိုင်းဒေသကြီးတို့မှဝင်ရောက်မှုများကြောင်း သိရရှိရပါတယ်။ မန္တလေး တိုင်းဒေသကြီးအတွင်း အမရပူရ၊ပုသိမ်ကြီး၊မတ္တရာ၊ကျောက်ဆည်၊စဉ့်ကိုင်၊မြစ်သားမြို့နယ်တို့ တွင် ငှက်ပျောသီးသီးနှံအများအပြားစိုက်ပျိုးကြောင်း သိရှိရပါတယ်။ စျေးကွက်အတွင်း ရောင်းချသည့် ငှက်ပျောသီးများအနက် အများဆုံးတွေ့ရှိရသည့်အမျိုးအမည်များမှာ ဖီးကြမ်း၊ သီးမွေး၊ ရခိုင်၊ ငှက်ပျောချဉ်နှင့်ရွှေနီငှက်ပျောတို့ဖြစ်ပါတယ်။ ငှက်ပျောသီး သီးနှံကို အဟာရဓါတ်စာ၊ဖျော်ရည်နှင့် စားသောက်ကုန်တို့တွင် ထည့်သွင်းသုံးစွဲခြင်း၊ ဘုရားပွဲနှင့် မိရိုးဖလာကန်တော့ပွဲများတွင် သုံးစွဲ ကြောင်း သိရှိရပါတယ်။ ဖီးကြမ်းငှက်ပျောသီးအနေဖြင့် မတ္တရာမှထွက်သည့်အသီးမှာ အခွံထူပြီး၊ အရသာမှာ အချိုဓါတ်အနည်းငယ်လျော့ကြောင်းနှင့် ကျောက်ဆည်မှထွက်သည့် ငှက်ပျောသီးမှာ အခွံပါးပြီး၊အချိုဓါတ်များကြောင်း သိရှိရပါတယ်။ ဖီးကြမ်းနှင့် ရခိုင်ငှက်ပျောသီးများကို ဘုရားပွဲနှင့် မိရိုးဖလာပွဲများတွင် သုံးစွဲမှုများပြီး၊ကန်တော့ပွဲတစ်ပွဲတွင် အုန်းသီးတစ်လုံးနှင့်သုံးစွဲသည့် ငှက်ပျော ခိုင်အရေအတွက်အလိုက်၊အလုံးအရွယ်အစားအလိုက်စျေးနှုန်းအမျိုးမျိုးရှိရာ၁၂၀၀ဝိ/- နှင့် ၁၈၀၀ဝိ/-စျေးအသီးသီးရောင်းချကြောင်းတွေ့ရှိရပါတယ်။ စျေးကွက်အတွင်း ရောင်းချသည့်ငှက်ပျောဖီး စျေးနှုန်းများအနေဖြင့် တစ်ဖီးလျင် ဖီးကြမ်း(အစိမ်း) ၂၀၀ဝိ/- နှင့် ၃၅၀ဝိ/-စျေး၊ ဖီးကြမ်း (အမှည့်) ၁၅၀ဝိ/- နှင့် ၃၀၀ဝိ/- စျေး၊ ရခိုင်ငှက်ပျောသီးနှင့်ငှက်ပျောချဉ်သီးမှာ အစိမ်းနှင့်အမှည့် စျေးကွာခြားမှုမရှိဘဲ တစ်ဖီးလျင် ၁၅၀ဝ/- နှင့် ၂၀၀ဝိ/- စျေးတို့ အသီးသီးရောင်းချလျက်ရှိပါတယ်။ သီးမွေးငှက်ပျောသီးအနေဖြင့် ကျောက်ဆည်၊ စဉ့်ကိုင်၊ မြစ်သား၊ မတ္တရာတို့တွင် အများအပြား စိုက်ပျိုးပြီး၊စစ်ကိုင်းတိုင်း ဒေသကြီးနှင့် ပဲခူးတိုင်းဒေသကြီးတို့မှလည်း ဝင်ရောက်မှုများရှိပါတယ်။ တောင်ငူမြို့နယ်မှထွက်ရှိသည့် သီးမွေးငှက်ပျောသီးမှာ အလုံးလှ၍ အနံ့နှင့်အရသာမှာ လူကြိုက် များပြီးစျေးကောင်းရကာ တစ်ဖီးလျင်(၁၇လုံးနှင့် ၂၅လုံးပါ) ၄၀၀ဝိ/- နှင့် ၅၅၀ဝိ/-စျေး၊ ကျန် ဒေသများမှထွက်သည့်သီးမွေးငှက်ပျောသီး အစိမ်း/အမှည့် တစ်ဖီးလျင် ၁၅၀ဝိ/- နှင့် ၂၅၀ဝိ/-စျေး အသီးသီးရောင်းချလျက်ရှိပါတယ်။ တောင်ငူမြို့နယ်မှ ထွက်ရှိသည့် ရွှေနီငှက်ပျောသီး တစ်ဖီးလျင် အလုံးအရေတွက်နှင့် လတ်ဆတ်မှုအပေါ်မူတည်၍ ၅၀၀ဝိ/-နှင့် ၈၀၀ဝိ/- စျေးတို့ဖြင့် ရောင်းချလျက် ရှိပါတယ်။ မိုးရာသီနှင့်နွေရာသီထွက်ငှက်ပျောသီးများမှာ ပို၍ လှပပြီး၊ ဆောင်းရာသီတွင် ငှက်ပျော သီးသီးနှံမှာ လှပမှုနည်းကြောင်း သိရှိရပါတယ်။ စျေးကွက်အနေဖြင့် ဒီဇင်ဘာလဒုတိယပတ် အတွင်း ဒေသမျိုးစုံမှအသီးမျိုးစုံဝင်ရောက်မှုများပြီး ငှက်ပျောသီးမှာ အရောင်းသွက်သည့် သီးနှံဖြစ်ကြောင်း မန္တလေးမြို့၊ ရေနီမြောင်းစျေးရှိ ငှက်ပျောသီးရောင်းချသည့်ဆိုင်ရှင်တစ်ဦး၏ပြောပြချက်အရ သိရှိရပါတယ်။
DOCA(မန္တလေး)