ပေါက်မြို့နယ် (နွေ)ခရမ်းစိုက်တောင်သူများ ဈေးကွက်ကောင်း၍ အကျိုးအမြတ်ရရှိ

Powered by Drupal

               စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ တိုင်း/ခရိုင်ဦးစီးမှူး၏ လမ်းညွှန်ချက်ဖြင့် ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ ပေါက်မြို့နယ် တာဝန်ခံ  ဦးကျော်စိုးသည် မေလ၊ (၁၀)ရက်၊ နံနက်(၉:၀၀)နာရီအချိန်တွင် ပေါက်မြို့နယ် ရှားတော ကျေးရွာ(နွေ)ခရမ်းစိုက် တောင်သူ ဦးမြင့်စိုးနှင့်တွေ့ဆုံပြီး စိုက်ပျိုးထွက်ရှိမှုအခြေအနေကို ကွင်းဆင်း လေ့လာမေးမြန်းခဲ့ပါသည်။

                 စိုက်တောင်သူမှ ပြောကြားရာတွင် ပေါက်မြို့နယ်သည် စိုက်ပျိုးရေးကို အခြေခံထား၍ လုပ်ကိုင်သောဒေသဖြစ်ကြောင်း၊ နှစ်စဉ် ကြက်သွန်နီ/အဖြူ၊ စပါး၊ မြေပဲ၊ အာလူး၊ ကုလားပဲတို့ကို အဓိကသီးနှံအဖြစ်စိုက်ပျိုးကြောင်း၊ ယခုနှစ်ရှားတောကျေးရွာတွင် စိုက်တောင်သူများသည် (မိုး) စပါးခင်းကျွတ်စိုက်ခင်းများတွင် (နွေ)ခရမ်းစိုက်ခင်းများကို (သီးထပ်)အဖြစ် စိုက်ပျိုးကြကြောင်း၊ စိုက်တောင်သူ(၅၀)ဦးခန့်ရှိကြောင်း၊ စိုက်ဧကအနေဖြင့် (၁)ဧကအထိ စိုက်ပျိုးတောင်သူ နည်းပါးပြီး တစ်ပိုင်တစ်နိုင် စိုက်ပျိုးသော တောင်သူများပြားကြောင်း၊ (နွေ)ခရမ်းသီးကို စိုက်ပျိုးရာတွင် မိမိ ဒေသစိုက်ခင်းထွက် ခရမ်းသီးမှ မျိုးစေ့ပြန်ယူပြီး ပျိုးခင်းလုပ်၍ စိုက်ပျိုးကြောင်း၊ (ပြောင်)အစိမ်းသီးနှင့်(အဖြူကြား)အစိမ်းသီး နှစ်မျိုးရှိကြောင်း၊ ရှားတောကျေးရွာရှိ စိုက်တောင်သူများမှာ ယခုနှစ်တွင် အလုံးကြီးထွားပြီး အထွက်ကောင်းသော (အဖြူကြား)ခရမ်းသီးမျိုးကိုသာ စိုက်ပျိုးကြောင်း၊ သိရှိရပါသည်။

              (နွေ)ခရမ်းစိုက်တောင်သူ ဦးမြင့်စိုးမှာ ယခုနှစ်တွင် (၁)ဧကခန့် စိုက်ပျိုးထားရှိကြောင်း၊ အောက်တိုဘာလတွင် ခရမ်းမျိုးစေ့များကို ပျိုးခုံပြုလုပ်ပြီး စတင်ပျိုးကြောင်း၊ (၁)လခွဲခန့်အကြာတွင် ပျိုးပင်များကိုနုတ်ပြီး မိုးစပါးများရိတ်သိမ်းပြီး မြေအစိုဓါတ်မပြယ်သေးသော မြေများကို ပြန်လည်ပြုပြင်ပြီး လယ်ကွက်အတွင်းသို့ ခရမ်းပင်များကို စတင်စိုက်ပျိုးကြောင်း၊ ခရမ်းသီး(အဖြူကြား)မျိုး ကိုစိုက်ပျိုးထားရှိကြောင်း၊ (၁)ဧကလျှင်ပျိုးပင်(၂၅၀၀)ခန့်ကို အလုပ်သမား(၁၀)ဦးခန့်ဖြင့် စိုက်ပျိုးကြောင်း၊ နိုဝင်ဘာလလယ်တွင် စတင်စိုက်ပျိုးပြီး ရေအကြိမ်ကြိမ်သွင်းပြီးစိုက်ပျိုးရသောသီးနှံဖြစ်၍ ဇွန်လအထိအသီးများ ဆွတ်ခူးရ၍ စိုက်ပင်သက်တမ်း(၈)လခန့်ကြာမြင့်ကြောင်း၊ ခရမ်းပင်များကို ကြိုးတန်း၍ စိုက်ပျိုးပြီး ပင်ကြားတန်းကြား(၂)ပေခန့်ကွာကြောင်း၊ စိုက်ပျိုးပြီး(၁)လခန့်အကြာတွင် ပေါင်းမြက်ရှင်းလင်းပြီး အပင်ခြေသို့ မြေဆွပေးခြင်း၊ သွင်းအားစု မြေဆီ၊ အာမိုများထည့်၍ အပင်ကြီးထွားရန် ဆေးဖြန်းခြင်းဖြစ်ကြောင်း၊ (နွေ)ခရမ်းစိုက်ခင်းဖြစ်၍ ရေကိုအဓိကထား၍ စိုက်ပျိုးရသောကြောင့် (၁)ဧကလျှင် ရေ(၁၀)ကြိမ်ခန့် ပေးသွင်းရကြောင်း၊ ကိုယ်ပိုင်ရေတွင်း/စက် ရှိပြီး ရေသွင်းရာတွင်လည်း အလုပ်သမားငှားရမ်းခြင်းမရှိဘဲ မိသားစုဝင်များ ပူးပေါင်းဆောင်ရွက်ခြင်းဖြစ်၍ ရေသွင်းစရိတ်သက်သာကြောင်း၊ စိုက်ပျိုးချိန်မှစပြီး အသီးဆွတ်ခူးပြီးချိန်အထိ အလုပ်သမား (၁၀၀)ဦးခန့်ကို တစ်မနက်လျှင်(၂၀၀၀)ကျပ်နှုန်းဖြင့် ငှားရမ်းအသုံးပြုရကြောင်း သိရှိရပါသည်။

      (နွေ)ခရမ်းများစိုက်ပျိုးပြီး (၂)လခွဲအကြာတွင် အပွင့်များစတင်ပွင့်ပြီး (၃)လခွဲခန့်အကြာတွင် အသီးများစတင်ဆွတ်ခူးရကြောင်း၊ (၁)ဧကလျှင် အကန့်(၃)ကန့်ခွဲ၍ အလှည့်ကျဆွတ်ခူးကြောင်း၊ တစ်လလျှင်(၁၀)ကြိမ်ခန့် ဆွတ်ခူးရကြောင်း၊ တစ်ကြိမ်ခူးလျှင်(၁)ကန့်လျှင် ပိဿာ(၁၀၀/၁၅၀/၂၀၀) အထိ ဆွတ်ခူးရကြောင်း၊ ခရမ်းပင်တစ်ပင်လျှင် ပျမ်းမျှ(၃)ပိဿာမှ(၄)ပိဿာအထိ ထွက်ရှိကြောင်း၊ (၁)ဧကလျှင် ခရမ်းပျိုးပင်(၂၅၀၀)ခန့်စိုက်ပျိုး၍ သီးနှံအထွက်နှုန်းမှာ ပိဿာ(၄၀၀၀ မှ ၆၀၀၀)အထိ အမျိုးမျိုးကွဲပြားထွက်ရှိကြောင်း၊ စိုက်တောင်သူများအနေဖြင့် စိုက်ပျိုးမြေအနေအထားနှင့် သွင်းအားစု အမျိုးမျိုးသုံးစွဲပုံမတူညီခြင်းကြောင့် အထွက်နှုန်းမှာလည်း မတူညီကြောင်း၊ ရင်းနှီးမတည်ငွေပိုမိုထည့်နိုင်သော တောင်သူများသည် မိမိစိုက်ခင်းအား ပိုမိုကောင်းမွန်အောင် ပြုလုပ်ဆောင်ရွက်နိုင်၍ အထွက်နှုန်းကောင်းမွန်ကြောင်း၊ ယခုနှစ်တွင် စိုက်တောင်သူ ဦးမြင့်စိုးသည် (၁)ဧကလျှင် ပိဿာ (၆၀၀၀)ခန့်ထွက်ရှိကြောင်း၊ ဈေးနှုန်းအနေဖြင့် (၁)ပိဿာလျှင် သီးနှံပေါ်စအချိန်တွင် (၃၀၀)ကျပ်မှ (၈၀၀)ကျပ်အထိ ဈေးအမျိုးမျိုးဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း၊ ယခုအချိန်တွင် ဈေးအနည်းငယ် ကျဆင်းသွားပြီး ဖောက်သည်လက်ကားဈေး တစ်ပိဿာလျှင်(၅၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်ကြောင်း၊ စိုက်တောင်သူများအနေဖြင့် ယခုနှစ်တွင် အကျိုးအမြတ်များစွာရရှိသော်လည်း ယခင်နှစ် ခရမ်းသီး တစ်ပိဿာလျှင် (၂၀၀/၃၀၀)ကျပ် ဈေးသာရ၍ ကုန်ကျစရိတ်များပြားပြီး ဝင်ငွေနည်းပါး၍ အရှုံးပေါ်ခဲ့ကြောင်း၊ စိုက်ခင်းမှထွက်ရှိသော ခရမ်းသီးများကို ပေါက်မြို့နယ်ဒေသတွင်းနှင့် ပခုက္ကူ၊ ကမ္မ၊ မြစ်ခြေမြို့များသို့ တင်ပို့ဖြန့်ဖြူးရောင်းချကြောင်း သိရှိရပါသည်။

            (၁)ဧကကုန်ကျစရိတ်အနေဖြင့် မြေပြုပြင်ခ၊ အလုပ်သမားငှားရမ်းခ၊ သွင်းအားစုအမျိုးမျိုး ဝယ်ယူခ စုစုပေါင်းကုန်ကျစရိတ်(၉)သိန်းခန့် ကုန်ကျခဲ့ကြောင်း၊ ဝင်ငွေအနေဖြင့် ခရမ်းသီးပိဿာ (၆၀၀၀)ခန့် ထွက်ရှိပြီး တစ်ပိဿာလျှင်ပျမ်းမျှ(၄၀၀)ကျပ်နှုန်းဖြင့် ရောင်းချခဲ့ရ၍ ကျပ်(၂၄) သိန်းခန့် ရရှိကြောင်း၊ အကျိုးအမြတ်အနေဖြင့် ကျပ်သိန်း(၁၅)ခန့် ရရှိကြောင်း သိရှိရပါသည်။

              နွေခရမ်းစိုက်ခင်းများကို နှစ်စဉ်မပြတ်စိုက်ပျိုးကြောင်း၊ ယခင်နှစ်က သီးနှံပေါ်စအချိန်တွင် ခရမ်းသီးဈေးကွက်မရှိ၍ အရှုံးပေါ်ခဲ့ကြောင်း၊ အရှုံးပေါ်သောနှစ်များတွင် သီးနှံပေါ်ပြီး(၂)လခန့် အကြာတွင် တောင်သူများအနေဖြင့် ခရမ်းပင်များအား ဓါးဖြင့်ခုတ်၍ ရှင်းလင်းပြီး မြေပြန်လည် ပြုပြင်၍ မြေပဲသီးနှံကို အစားထိုး၍ စိုက်ပျိုးကြောင်း၊ မြေပဲကို ရာသီမရွေးစိုက်ပျိုးကြောင်း၊ ယခုနှစ် တွင် နွေခရမ်းစိုက်တောင်သူများ အနေဖြင့် သီးနှံအထွက်ကောင်းပြီး ဝယ်လိုအားကောင်း၍ ဈေးနှုန်း ဈေးကွက်ကောင်းမွန်သောကြောင့် အကျိုးအမြတ်များစွာရရှိကြောင်း၊ နွေခရမ်းစိုက်ပျိုးခြင်းဖြင့် စိုက်တောင်သူများ၊ အလုပ်သမားများ၊ ကုန်စိမ်းသီးနှံ၊ ဈေးသည်ပွဲစားများ အလုပ်အကိုင် အခွင့်အလမ်းများစွာရရှိ၍ အဓိကသီးနှံအဖြစ် နွေခရမ်းစိုက်ခင်းများကို နှစ်စဉ်မပြတ် တိုးချဲ့စိုက်ပျိုးသင့်ပါကြောင်း သုံးသပ်တင်ပြအပ်ပါသည်။

DOCA(မကွေး)