
၂၀၂၄ ခုနှစ်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့ မြို့မစည်ပင်သာယာဈေး ကွက်အတွင်းသို့ ဒေသထွက်ခရမ်းချဉ်သီးများနှင့်ရှမ်းပြည်နယ် အောင်ပန်းတို့မှထွက်ရှိသော ခရမ်းချဉ်သီးများကို မန္တလေးတိုင်းဒေသကြီးမှ မှာယူရောင်းချပြီး အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရှိရပါသည်။
ခရမ်းချဉ်သီးများသည် ယခုအချိန်အခါကာလဖြစ်သည့် ဆောင်းရာသီတွင် မိမိတို့ဒေသထွက် ခရမ်းချဉ်သီးများ ဈေးကွက်အတွင်းသို့ ဝင်ရောက်ကာ လှိုင်လှိုင်ထွက်ရှိလာသည့်အတွက် ဒေသတွင်းခရမ်းချဉ်သီးများကိုသာ မှာယူရောင်းချရပါသည်။ ဒေသထွက် ခရမ်းချဉ်သီးမှာ အချိန်ကြာမြင့်စွာထားလျင် ပုတ်လွယ်ပြီး အထားမခံသည့်အတွက် အကြိုက်နည်းကြပြီး ဈေးနှုန်းသက်သာကြောင့် ဒေသထွက်ခရမ်းချဉ်သီးများကိုသာ လှိုင်လှိုင်ဝယ်ယူရောင်းချလျက်ရှိကြောင်း၊ ယခင် နိုဝင်ဘာလတွင် ခရမ်းချဉ်သီးဈေးနှုန်းများမှာ တစ်ပိဿာလျှင် (၈၀၀၀/၁၀၀၀၀)ကျပ် ဈေးနှုန်ုးတို့ ဖြစ်ခဲ့ကြောင်း သိရှိရပါသည်။
ယခု ဒီဇင်ဘာလ တတိယအပတ်တွင် ဒေသထွက်ခရမ်းချဉ်သီး ဈေးနှုန်းအနေဖြင့် ထိုင်ဝမ်အမျိုးအစား ခရမ်းချဉ်သီးနှင့် ရိုးရိုးဗမာ အမျိုးအစား ခရမ်းချဉ်သီးဟူ၍ နှစ်မျိုးပေါ်လာပြီး ရိုးရိုးဗမာခရမ်းချဉ်သီး တစ်ပိဿာလျှင်(၈၀၀၀)ကျပ်၊ ၂၅ကျပ်သားလျှင်(၂၀၀၀)ကျပ်နှင့် ထိုင်ဝမ်ခရမ်းချဉ်သီး အလုံးအကြီး/ အသေး ပေါ်မူတည်၍တစ်ပိဿာလျှင်(၅၀၀၀/၆၀၀၀)ကျပ် ဖြစ်ပြီး (၂၅)ကျပ်သားလျှင် (၁၅၀၀)ကျပ် ဈေးနှုန်းဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပြီး ယခင် ဒီဇင်ဘာလ ဒုတိယပတ်နှင့် နှိုင်းယှဉ်ကြည့်မည့်ဆိုပါက ခရမ်းချဉ်သီး ဈေးနှုန်း အနည်းငယ်ဈေးကျလျက်ရှိကြောင်း ကန့်ဘလူမြို့ ကုန်စိမ်းသီးနှံ အရောင်းအဝယ်လုပ်နေသူများထံမှ သိရှိရပါသည်။
DOCA(စစ်ကိုင်း)