ပေါ်ဦးပေါ်ဖျား ထန်းပင်မြစ်များ

Powered by Drupal

ထန်းပင်မြစ်သည် အညာဒေသတစ်ခုတည်းတွင်သာ ထွက်ရှိသော ရာသီစာသီးနှံတစ်မျိုးဖြစ်ပြီး ဆောင်းရာသီနဲ့အင်မတန်လိုက်ဖက်လှပြီး အညာဒေသရဲ့မပါမဖြစ်ရာသီစာသီးနှံဖြစ်ပါသည်။ ထန်းပင်မြစ် ကိုတချို့အရပ်ဒေသတွင်“ထန်းမြစ်”ဟုလည်းကောင်း၊ တချို့က“ထန်းပင်ပေါက်” ဟု လည်းကောင်းခေါ် ကြသည်။ ထန်းမြစ်(ခ) ထန်းပင်ပေါက်များသည် ထန်းသီးစေ့ မှထွက်ရှိလာသော ဆောင်းရာသီကာလ တွင်ရရှိသည့်ရာသီစာတစ်မျိုးဖြစ်ပါသည်။ ထန်းပင်မြစ်သည် လူတို့၏ခန္ဓာကိုယ်အတွက်လိုအပ်သော ဗီတာမင်ဘီဓာတ်ပေါင်းစုအပြင်အဆီဓာတ်နှင့်ပရိုတိန်းဓာတ်များလည်းပါရှိသည်။ အမျှင်ဓာတ်ကြွယ်ဝစွာ ပါရှိ၍အစာခြေစနစ်ကိုတိုးတက်ကောင်းမွန်စေကာဝမ်းချုပ်ခြင်းမှလည်းကာကွယ်ပေးသည်။ ခန္ဓာကိုယ်တွင် အပူဓာတ်ကိုလျှော့ချပေးနိုင်သည့်ဆေးဖက်ဝင်ရာသီစာတစ်မျိုးဖြစ်သည်။ ဆောင်းရာသီတွင်သာ ပေါပေါ များများရရှိသောထန်းပင်မြစ်သည်စိမ့်သက်သောအရသာရှိသည်။ ရင့်သော ထန်းပင်မြစ်က စေးထန်းကာ အရသာပိုကောင်းသည်။ဘေးထွက်ဆိုးကျိုးမရှိဘဲ အရွယ်သုံးပါးမရွေး စားသုံးသင့်ပြီး ကိုယ်ဝန်ဆောင် များလည်း  စားသုံးသင့်ပါသည်။ 

စေးစေးစိမ့်စိမ့်သက်သက်အရသာရှိသော ထန်းပင်မြစ်များကို စားဖူးသူတိုင်း နှစ်ခြိုက်ကြသည်။ ထန်းပင်မြစ်များကို မီးဖုတ်၍ဖြစ်စေ၊ ရေဖြင့်ပြုတ်၍ဖြစ်စေ စားသုံးနိုင်သည်။ မီးဖုတ် သို့မဟုတ် ပြုတ်ပြီး  နောက်ဆုံတွင်ထည့်ထောင်းပြီးပဲဆီ၊မြေပဲထောင်း၊ဆား ထည့်စားလျှင်အရသာပိုကောင်းသည်။     အညာဒေသတွင်ထန်းပင်မြစ်ပြုတ်ကိုထောင်းပြီးဆီဖြင့်ပြန်ကြော်စားကြသည်။ ထန်းပင်မြစ်ကြော် ကို ကလေး၊ လူကြီးမရွေးကြိုက်နှစ်သက်ကြသည်။ မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်း၊ ညောင်ဦးမြို့နယ်၊ ငါ့သရောက်မြို့နယ်တို့၌ အများဆုံးလုပ်ကိုင်ကြကြောင်း၊ အညာကျေးလက်ဒေသရှိ ထန်းပင်စိုက် တောင်သူများအတွက် ဝင်ငွေတိုးစေသော ရာသီစာသီးနှံ ဖြစ်ကြောင်းသိရသည်။   

ထန်းစေ့များကို ဝါခေါင်လ၊ တော်သလင်းလများတွင် သတ်မှတ်ထားသည့် နေရာများတွင် ကျင်းတူး၍ထန်းစေ့များကို စီတန်းကာ မြေကျင်းထဲတွင် ဖြန့်ခင်းကာ မြေပြန်ဖုံးအုပ်ထားပြီး ထွက်ရှိလာ သည့်ထန်းပင်မြစ်များကိုတန်ဆောင်မုန်းလ၊နတ်တော်လတို့တွင်ဖော်ယူနိုင်သည်။ရရှိပြီးသောထန်းပင်မြစ် များ ကို၁၀ချောင်းစည်း၊ ၁၅ချောင်းစည်း၊၂၅ချောင်းစည်းများပြုလုပ်ကာ ဈေးကွက်အတွင်းရောင်းချကြ သည်။မန္တလေးတိုင်းဒေသကြီး၊ညောင်ဦးခရိုင် ကျောက်ပန်းတောင်းမြို့နယ်ရှိ တောင်သူများ ရောင်းချ သည့် ပေါ်ဦးပေါ်ဖျား ထန်းပင်မြစ်များရောင်းအားကောင်းပြီး ဈေးကောင်း ရရှိနေကြောင်း ယခုလ ဒီဇင်ဘာလ (တတိယပတ်) တွင် ထန်းပင်မြစ်ဈေးနှုန်းအနေဖြင့်  လက္ကားဈေး ထန်းပင်မြစ် (၂၅)ချောင်းပါ ရိုးရိုး တစ်စည်းလျှင် ကျပ်(၁၇၀၀/-)၊ရှယ် ကျပ်(၂၀၀၀/-)ဈေးရှိပြီး လက်လီဈေးတစ်စည်းလျင် ရိုးရိုး ကျပ်(၂၀၀၀/-)၊ရုက္ခစိုး(ခ)ရှယ်(၂၅)ချောင်းပါတစ်စည်းလျှင်ကျပ်(၃၀၀၀/-)ဈေးများဖြင့် ရောင်းချလျက်ရှိ  ကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)