အရည်အသွေးမီပို့ကုန်များတိုးမြှင့်တင်ပို့နိုင်ရန်အတွက် ၂၀၂၄-၂၀၂၅ ရာသီ ပဲတီစိမ်းစိုက် တောင်သူများအား (GAP-GHP) နည်းစဉ်များအတိုင်း စိုက်ပျိုးနိုင်စေရန်ရည်ရွယ်၍ ရန်ကုန်တိုင်း ဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာနနှင့် စိုက်ပျိုးရေးဦးစီးဌာနတို့ပူးပေါင်း၍ တောင်သူပညာပေး သင်တန်းများကို ဒီဇင်ဘာလဒုတိယပတ်တွင် ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တန်းမြို့နယ်၊ သန်လျင်မြို့နယ်နှင့် သုံးခွမြို့နယ် တို့တွင် ၃ရက်ကြာ သင်တန်းကျင်းပခဲ့သည်။ ထိုသင်တန်းများကို စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူး ဦးကျော်ကျော်လွင်နှင့်တကွ အရာထမ်း၊ အမှုထမ်းများ၊ စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ ပံ့ပိုးကူညီပေးသော ကုမ္မဏီများမှ တာဝန်ရှိသူများနှင့် တောင်သူများ စုစုပေါင်း ၅၂၃ ဦး တက်ရောက်ခဲ့ကြကြောင်းသိရသည်။ သင်တန်းဖွင့်လှစ်ရသည့် ရည်ရွယ်ချက်မှာ ဥရောပသမဂ္ဂနိုင်ငံများသို့ ပဲပင်ပေါက်ဖောက်ရန် အတွက် မြန်မာ့ပဲတီစိမ်းများ တင်ပို့ရာတွင် တစ်နှစ်ထက်တစ်နှစ် ပိုမိုတင်ပို့ရောင်းချနိုင်ရေးအတွက် ဖွင့်လှစ်ရခြင်းဖြစ်ကြောင်း သိရသည်။ ၂၀၂၄-၂၀၂၅ ပဲရာသီအဆိုပြုထားရှိသည့် ကုမ္မဏီများနှင့် ညှိနှိုင်းဆွေးနွေးခဲ့မှုအရ ကောင်းမွန်သောစိုက်ပျိုးရေးစနစ် (GAP)၊ ကျန်းမာရေး နှင့်အညီ သန့်ရှင်းသော စိုက်ပျိုးထုတ်လုပ်မှုစနစ်(GHP)နှင့် စိုက်ပျိုးထုတ်လုပ်နိုင်ရေးအတွက် အဆိုပြုရွေးချယ်ထားသည့် ပဲတီစိမ်းစိုက်ကွင်းများအလိုက် ရွေးချယ်ထားသော တောင်သူများအား သင်တန်းပို့ချခဲ့ခြင်း ဖြစ်ကြောင်းသိရသည်။ ၂၀၂၄-၂၀၂၅ ရာသီအတွက် ရန်ကုန်တိုင်းဒေသကြီး (သန်လျင်၊ ခရမ်း၊ ကျောက်တန်းနှင့်သုံးခွမြို့နယ်)တို့တွင် ပဲတီစိမ်းဧကစုစုပေါင်း ၃၇၂၄၇၂ ဧက စိုက်ပျိုးရန်လျာထားပြီး စိုက်ဧကစုစုပေါင်း ၃၄၈၈၈၆ ဧက ရှိကြောင်းသိရပါသည်။ ၂၆-၁၂-၂၀၂၄ ရက်နေ့စာရင်းအရ ဘုရင့်နောင် ကုန်စည်ဒိုင်သို့ဝင်ရောက်လာသည့် ပဲတီစိမ်းအမျိုးအစား အလိုက် ဈေးနှုန်းများမှာ ပဲတီစိမ်းအညာ တစ်ပိဿာလျှင်(၄၉၁၅)ကျပ်မှ (၄၉၃၅)ကျပ်ထိ ၊ ပဲတီစိမ်းခရမ်းရွှေဝါ(ထိပ်စ) တစ်ပိဿာလျှင်(၅၅၈၀)ကျပ်၊ ပဲတီစိမ်းပဲခူးရွှေဝါ တစ်ပိဿာလျှင် (၅၂၅၀)ကျပ်၊ ပဲတီစိမ်းဝါးခယ်မ FAQ တစ်ပိဿာလျှင် (၄၆၆၅)ကျပ်မှ (၄၆၈၅)ကျပ်ထိနှင့် ပဲတီစိမ်းဝါးခယ်မ SQ တစ်ပိသာ လျှင်(၆၄၁၅)ကျပ် မှ (၆၄၃၅)ကျပ်ထိ တို့ဖြစ်ကြောင်း သိရသည်။ ပဲတီစိမ်းများကို ပြည်ပသို့ တင်ပို့ပါက ဥရောပသမဂ္ဂရှိ အင်္ဂလန်နှင့် နယ်သာလန် နိုင်ငံများသို့ အဓိကတင်ပို့ရကြောင်း သိရသည်။ ကောင်းမွန်သောစိုက်ပျိုးရေးစနစ်များဖြင့် စိုက်ပျိုးနိုင်ရန်အတွက် တောင်သူများအား ကြိုတင်အသိပညာပေးရန်၊ စုဆောင်းသူ ဝယ်ယူသူ များကိုလည်း သိုလှောင်မှု၊ ပို့ဆောင်မှုတို့အား မှတ်တမ်းထားရှိစေရန်နှင့် လုပ်ငန်းဆောင်ရွက်သည့် စက်ရုံများကိုလည်း ကျန်းမာရေးနှင့် ညီညွတ်သည့် အလေ့အကျင့်ရှိစေရန် စားသုံးသူ ရေးရာဦးစီးဌာနနှင့် စိုက်ပျိုးရေးဦးစီးဌာနတို့ ပူးပေါင်းပြီး သက်ဆိုင်ရာကုမ္မဏီများ၏ ကူညီပံပိုးမှုဖြင့် အသိပညာပေးဆောင်ရွက်လျှက်ရှိသောကြောင့် စနစ်တကျ စိုက်ပျိုး ထုတ်လုပ်ပါက တောင်သူ၊ အဝယ်တော်၊ နိုင်ငံတော်အတွက် အကျိုးဖြစ်ထွန်းမည်ဖြစ်ကြောင်းသိရှိရပါသည်။
DOCA(ရန်ကုန်)