ရွှေဘိုခရိုင်၊ ဝက်လက်မြို့နယ်၏ ဒေသထွက်ကုန် ပေါက်ပေါက်ပွင့်လုပ်ငန်းအကြောင်း သိကောင်းစရာ

Powered by Drupal

         စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် စားသုံးသူအကာအကွယ်ပေးရေးလုပ်ငန်းများအပြင် ပြည်တွင်းကုန်သွယ်ရေးဖွံ့ဖြိုးမှုလုပ်ငန်းများကို ဆောင်ရွက်လျှက်ရှိရာ စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ဝက်လက်မြို့နယ်၊ စိုင်နိုင်ကြီးကျေးရွာရှိ ပေါက်ပေါက်ပွင့်လုပ်ငန်းလုပ်ကိုင်သည့်လုပ်ငန်းရှင်နှင့် တွေ့ဆုံဆွေးနွေးခဲ့ပါသည်။ 

ကုန်ကြမ်းရရှိမှုအခြေအနေ

          စိုင်နိုင်ကြီးကျေးရွာတွင် မိရိုးဖလာလုပ်ငန်းဖြစ်သည့် လယ်ယာစိုက်ပျိုးခြင်းလုပ်ငန်းကို အဓိကထားလုပ်ကိုင်ကြပြီး ပေါက်ပေါက်ပွင့်လုပ်ငန်းကိုမှု မိသားစု တစ်နိုင်တစ်ပိုင်လုပ်ငန်းအဖြစ် လုပ်ကိုင်ကြကြောင်းနှင့် ဝက်လက်မြို့နယ်အနေဖြင့် ပေါက်ပေါက်ပွင့်လုပ်ငန်းကို  စိုင်နိုင်ကြီး ကျေးရွာတစ်ရွာတည်းတွင်သာ လုပ်ကိုင်ကြကြောင်းသိရသည်။ ပေါက်ပေါက်ပွင့်ပြုလုပ်ရာတွင် ကုန်ကြမ်းအဖြစ် ကောက်ညှင်းစပါးကိုအသုံးပြုရပြီး ၎င်းစပါးသည် နတ်တော်လ၊ ပြာသိုလနှင့် တပို့ တွဲလများတွင် လှိုင်လှိုင်ပေါ်ပြီး ဝက်လက်မြိုနယ် ဟံလင်းကျေးရွာ၊ ငပိအိုးကျေးရွာ စသည့်ရွာ များတွင် သွားရောက်၍ ဝယ်ယူထားရသည့်အပြင် ရှားပါးသည့်အချိန်တွင် ကသာခရိုင်၊ ကောလင်းမြို့နယ်တွင်လည်း ဝယ်ယူရရှိပါသည်။ ကောက်ညှင်းစပါး၏ အရည်အသွေးပေါ်မူတည်၍ ကောက်ညှင်းစပါး(၁၆)ပြည်(၁)တင်းလျှင် (၈၀၀ဝိ/-)မှ (၁၂၀၀ဝိ/-)ထိပေးဝယ်ရကြောင်း၊ ထိုင်းကောက်ညှင်းနှင့် ကောလိပ်ဂျင် (ခေါ်) အထွက်တိုး ကောက်ညှင်းဟူ၍ (၂)မျိုးရှိရာ ထိုင်း ကောက်ညှင်းသည် အပွင့်လှပြီး အထွက်နှုန်းလှ၍ ထိုင်းကောက်ညှင်းကို ပိုပြီးအသုံးများကြောင်း သိရပါသည်။

ပေါက်ပေါက်ပွင့်ပြုလုပ်ပုံအဆင့်ဆင့်

          ပေါက်ပေါက်ပွင့်ရရှိရန်အတွက် ဖွဲမီးဖိုကိုအသုံးပြု၍ သံဒယ်အိုးဖြင့်လှော်ရကြောင်း၊  သံဒယ် အိုးထဲသို့ သဲထည့်၍သဲပူလာသောအခါ ကောက်ညှင်းစပါးထည့်ကာ အသားယောင်းမနှင့် လှော်ပြီး ကော်စရာသံဂေါ်နှင့်ဆယ်ရပါသည်။ ဖွဲမီးများလျှင် မီးဖိုကို အုတ်ခဲဆင့်ပေးရပြီး ဖွဲမီးနည်းလျှင် မီးဖိုကို အောက်သို့နှိမ့်၍ပေးရသည်။ လှော်သည့်မီးဖို၏ ဖိုဦးထိပ်တွင် ရေနွေးအိုးတည်၊ ထမင်းချက်နိုင်ရန် အတွက်  လေပေါက်တခုထား၍ရသဖြင့် အချိန်ကုန်သက်သာပြီး ထင်းကုန်သက်သာကြောင်း၊ ဖွဲမီး ဖို၏အပေါ်ဘက်အမြင့်တွင် ဖွဲတိုက်ထားရှိပြီး အသုံးပြုကြောင်းသိရသည်။ ပေါက်ပေါက်ပွင့် လှော်ရာ တွင် မီးရှိန်ပူသဖြင့် မနက်စောစောတွင်ထ၍ လှော်ရပြီး စပါး(၁)တင်းလျှင် (၁)နာရီကြာအောင် လှော် ရကြောင်း သိရှိရပါသည်။ ပေါက်ပေါက်လှော်ရာတွင် မီးအချိန်အဆသည် အရေးကြီးလှကြောင်း၊ မီးများလျှင် အပွင့်မလှဘဲ ပေါက်ပေါက်သည်လုံးသွား၍  မီးပုံမှန်ချိန်တတ်မှ ပေါက်ပေါက်သည် အပွင့် ကားပြီး မန္တလေးဈေးကွက်တွင်အဝင်လှကြောင်း၊ ပေါက်ပေါက်၏ သဘောသဘာ၀သည် ယနေ့တွင် မိုးရွာပြီး မနက်ဖြန်တွင်ကောက်ညှင်းစပါးကိုလှော်ပါက အပွင့်သည်ပိုကား၍ ဖွေးပြီးလှကြောင်းနှင့် ပေါက်ပေါက်လှော်ပြီး မိုးရွာပါက အပွင့်သည် ငုံသွားပြီး အထွက်နှုန်းလည်းလျော့သွားကြောင်း သိရပါသည်။ စပါးကောင်းလျှင် စပါး(၁)တင်းကို ပေါက်ပေါက်ပွင့်(၃) တင်းမှ (၄)တင်းခွဲထိရကြောင်း သိရပါသည်။

          မီးဖိုတဖိုတွင် အမျိုးသမီး(၁)ယောက်ကလှော်ရပြီး တစ်ယောက်က လှော်ပြီးသား ပေါက်ပေါက်ပွင့်နှင့်အခွံစသည့်တို့ကို ပြာတီး၍ သန့်စင်ရကြောင်း၊  သန့်စင်ပြီးသားစပါးခွံများကို လောင်စာ အဖြစ်ပြန်လည်အသုံးပြု၍ရပြီး ဖွဲပြာများကိုလည်း လယ်ထဲတွင်မြေဩဇာအဖြစ်ပြန်၍အသုံးပြု ကြောင်း သိရပါသည်။ လှော်၍မပွင့်သည့် ပေါက်ပေါက်ဖြုန်းဆန်ကို ဘဲစာ၊ ဝက်စာအဖြစ် ရောင်းချ၍ အလေအလွင့်မရှိကြောင်း သိရှိရပါသည်။ လှော်ပြီးသားပေါက်ပေါက်ပွင့်များကို အအေးခံပြီး ဇကာနှင့်အပြောင်အစင်ချ၍ ထန်းခေါက်တောင်းကြီးများနှင့် ထည့်ထားရပါသည်။ အပွင့်သန့်စင်ပြီး သား ပေါက်ပေါက်များကို (၁၃)တင်းဝင် ပီနံအိတ်ကြီးနှင့် လုံအောင်ပိတ်ပြီး ချုပ်၍မှာယူသည့်ဒေသများသို့ ပို့ရပါသည်။

ရောင်းချသည့်ဈေးနှုန်းနှင့်ဈေးကွက်အခြေအနေ

        ယခုပေါက်ပေါက်ပွင့်ဈေးမှာ (၁)တင်းလက်ကားရောင်းဈေး ၃၈၀ဝိ/-နှင့် လက်လီ ရောင်းဈေးမှာ ၄၀၀ဝိ/-ရှိကြောင်း၊ ကောက်ညှင်းစပါးကောင်းလျှင်  ပေါက်ပေါက်ပွင့် အထွက်များသဖြင့် အကျိုးအမြတ်များပြီး စပါးညံ့လျှင် အကျိုးအမြတ်နည်းကြောင်း သိရှိရပါသည်။ ပေါက်ပေါက်ကို အပွင့် သာမကဘဲ အမှုန့်ကြိတ်၍လည်းရောင်းချကြောင်း၊  ပေါက်ပေါက်ပွင့် (၁)တင်းအမှုန့်ကြိတ်ရာတွင် အပွင့်လှသည့်ပေါ်တွင် မူတည်၍ (၁)ပိဿာနှင့် (၂)ပိဿာကျော် ထိရကြောင်း၊ အမှုန့်(၁)ပိဿာ ရောင်းဈေးမှာ ၄၀၀ဝိ/-ရကြောင်း၊ ပေါက်ပေါက်ကို (၂)ယောက်တွဲ လှော်ရပြီး စပါး(၁)တင်းကို လှော်ခ ၁၀၀ဝိ/-နှင့် အပွင့်သန့်စင်ခ ၁၀၀ဝိ/-ပေးရကြောင်း သိရှိရပါသည်။ ပေါက်ပေါက်ပွင့်များကို စစ်ကိုင်း၊ မန္တလေး၊ မုံရွာ၊ ရွှေဘိုမြို့များသို့ပို့ရပြီး၊ ထန်းလျက်ထွက်သောဒေသများသို့လည်း ပို့ရ  ပါသည်။ တပို့တွဲလ၊ တပေါင်းလများတွင် ပေါက်ပေါက်ပွင့်များကို ကျော်ဇေယျာ၊ ကျားမင်းကြီး၊ တံတားဦးရွာများသို့ အများဆုံးပို့ရပြီး မြန်မာနိုင်ငံအနှံ့အပြားများကိုလည်း ပို့ရပါသည်။ ကြိတ်ပြီး သားပေါက်ပေါက်မှုန့်များကို မြို့ထောင့်စေတီပွဲ၊ ကျောက်မြောင်းပွဲ၊ တောင်ပြုန်းပွဲ၊ ရတနာ့ဂူနတ်ပွဲ၊ စဉ်ကူးပွဲ၊ ကောင်းမှုတော်ပွဲစသည့် ပွဲတော်များရှိရာသို့ ပို့ရပါသည်။

ပေါက်ပေါက်ပွင့်အသုံးပြုပုံ

ပေါက်ပေါက်ပွင့်များဖြင့် မလိုင်ကရေကရာ၊ ဘောလုံး(ခေါ်)သကြားဆုပ်စသည့် ကရေကရာ မုန့်အမျိုးမျိုးပြုလုပ်၍ ပွဲတော်များတွင် ဆိုင်တန်းရှည်ကြီးများ နှင့်အပြိုင်အဆိုင် ရောင်းချနေသည်ကို တွေ့မြင်နိုင်ပါသည်။ မြန်မာများ၏ ချစ်စရာဓလေ့ဖြစ်သည့် ပွဲတော်ပြန်လက်ဆောင်ပေးရန် မုန့်များ ကိုဝယ်ယူကြကြောင်း၊ ပေါက်ပေါက်သည် မြန်မာ့ရိုးရာအစားအစာများထဲတွင် ထူးခြားလှသော အစားအစာတစ်မျိုးအဖြစ် ပါဝင်သည်။ ပေါက်ပေါက်ကို ထန်းလျက်ရည်၊ တင်းလဲရည်တို့နှင့် နယ် ဖတ်၍ ပေါက်ပေါက်ဆုပ်နှင့် ပေါက်ပေါက်နှပ်များကိုလည်းပြုလုပ်ကြပါသည်။ အခြားမြို့နယ် များတွင် အလှူပွဲများ၌ အချိုပွဲအဖြစ် ပေါက်ပေါက်ပွင့်ကို သကြား၊ ထောပတ်၊ အုန်းသီးတို့ဖြင့် ရောနယ်ပြီး ပေါက်ပေါက်နှပ်အဖြစ် တည့်ခင်းဧည့်ခံ၍ ကျွေးမွေးကြောင်း၊ အညာဒေသ ထန်းလျက် ပေါ်ချိန်များတွင်လည်း ထန်းလျက်နှင့်ရောနှော၍ ပေါက်ပေါက်ဆုပ်များ ပြုလုပ်ရောင်းချကြောင်း သိ ရပါသည်။

          ပေါက်ပေါက်သည် စားစရာတွင်သာမက မြန်မာတို့၏ ရိုးရာအခမ်းအနားများတွင် ပေါက် ပေါက်ကြဲခြင်းတို့ ပြုလုပ်လေ့ရှိကြကြောင်း တွေ့နိုင်သည်။ ဘုရားအနေကဇာတင်ခြင်း၊ အလှူရှင် လောင်းလှည့်ခြင်း၊ ရဟန်းခံခြင်းစသည့်ပွဲတို့တွင် ပေါက်ပေါက်ပန်းများကြဲလေ့ရှိကြပြီး ယတြာချေ ခြင်း၊ ငါးစာကျွေးခြင်းစသည့် နိဗ္ဗာန်ကုန်လုပ်ငန်းအဖြစ် အသုံးဝင်ကြောင်း သိရှိရသည်။ ပွဲတော် ဖြစ်သည့်ရက်များတွင် ပေါက်ပေါက်လုပ်ငန်းကို တွင်ကျယ်စွာလုပ်ကိုင်ရပြီး ယခုCovid-19 ဖြစ်သည့်ကာလတွင် အလုပ်ပါးကြောင်း၊ နေ့စဉ်ဝင်ငွေရပြီး တစ်နိုင်တစ်ပိုင်လုပ်ငန်းဖြစ်သည် အတွက် တွက်ချေကိုက်ပြီး အိမ်၏ မီးဖိုဆောင်ကိုလည်း ထိန်းသည့်အပြင် အလုပ်သမားများလည်း အလုပ်အကိုင်အခွင့်အလမ်းရရှိ၍ စားဝတ်နေရေး အဆင်ပြေကြောင်းသိရှိရပါသည်။

ပေါက်ပေါက်ပွင့်ဖြင့်ပြုလုပ်သောမုန့်များကို ယခုထက်မက ပိုမိုကျယ်ပြန့်စွာတင်ပို့ရောင်းချ နိုင်ပါက နိုင်ငံ၏စီးပွားရေးကိုတစ်ဖက်တစ်လမ်းမှ အထောက်အကူပြုနိုင်သကဲ့သို့ ကုန်ကြမ်းနှင့် ကုန် ချောထုတ်လုပ်သည့်ဒေသရှိ ပြည်သူများအနေဖြင့်လည်း အလုပ်အကိုင်အခွင့်အလမ်းများ ရရှိနိုင်မည် ဖြစ်ကြောင်း အကြံပြုတင်ပြလိုက်ရပါသည်။

DOCA(စစ်ကိုင်း)