မန္တလေးတိုင်းဒေသကြီး၊ တံတားဦးခရိုင်၊မြင်းခြံခရိုင်၊ကျောက်ဆည်ခရိုင်၊ မိတ္ထီလာခရိုင်၊ ညောင်ဦးခရိုင်၊ ရမည်းသင်းခရိုင်၊ သပိတ်ကျင်းခရိုင်တို့တွင် ပဲစဉ်းငုံသီးနှံကိုအဓိကထား စိုက်ပျိုး လျက်ရှိသည်။ ညောင်ဦးခရိုင်၊ ကျောက်ပန်းတောင်းမြို့နယ်တွင် အများဆုံးစိုက်ပျိုးပြီး၊ မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့နယ်တွင် ဒုတိယအများဆုံး စိုက်ပျိုးကြကြောင်းသိရသည်။ ထိုဒေသများသည် မြန်မာနိုင်ငံအလယ်ပိုင်းမိုးရေချိန်အသင့်အတင့်ရရှိပြီး မိုးရေချိန်ကိုသာအဓိကအားထားပြီး စိုက်ပျိုး ရသောဒေသများဖြစ်သောကြောင့် မိုးစတင်ရွာသွင်းချိန်(မေလ)မှ စတင်စိုက်ပျိုးကြရသည်။ မန္တလေးတိုင်းဒေသကြီးအတွင်းတွင် ယခင်က ပဲစဉ်းငုံလုံးဆံ(ဖြူ) အရပ်ဒေသအခေါ် သက်ကြီးမျိုး ကိုစိုက်ပျိုးကြပြီး ယခုနှောင်းပိုင်းကာလများတွင် ပဲစဉ်းငုံလုံးဆံ(နီ) သက်ငယ်မျိုးကိုသာ ပြောင်းလဲ စိုက်ပျိုးလာကြသည်။ ပဲစဉ်းငုံလုံးဆံ(နီ)သည် အထွက်နှုန်းတိုးခြင်း၊ အလေးချိန်တိုးခြင်းနှင့် ဈေးကွက်တွင်ဈေးနှုန်းပိုမိုရရှိခြင်းတို့ကြောင့် ပြောင်းလဲစိုက်ပျိုးကြခြင်း ဖြစ်ကြောင်းသိရသည်။ ပဲစဉ်းငုံသီးနှံကိုစတင်စိုက်ပျိုးချိန်မှစ၍ (၆)လခန့်အကြာတွင် ရိတ်သိမ်း ကြသည်။ ယခင်နှစ်က မန္တလေးတိုင်းဒေသကြီးအတွင်းတွင် ပဲစဉ်းငုံစိုက်ပျိုးမှုမှာ (၃.၆) သိန်းဧက ခန့်စိုက်ပျိုးပြီး အထွက်နှုန်းမှာ(၉.၆၂)တင်းထွက်ရှိရာ ယခုနှစ်တွင်(၃.၈)သိန်းဧကခန့် စိုက်ပျိုးကြောင်း စိုက်ပျိုးရေးဦးစီးဌာန စာရင်းများအရသိရသည်။ တစ်ဧကအထွက်နှုန်းမှာ(၉.၆၂)တင်း နှုန်းထွက် ရှိကြောင်းသိရသည်။ ပဲစဉ်းငုံတစ်ဧက ကုန်ကျစရိတ်မှာ ပိုးသတ်ဆေး၊ လုပ်သားခ၊ မျိုးစေ့နှင့် သွင်းအားစုအပါအဝင် စုစုပေါင်းကုန်ကျစရိတ်(၃၀၀၀၀၀) ခန့်မှ (၃၅၀၀၀၀) ခန့်ကုန်ကျကြောင်း သိရှိရသည်။ ယခင်နှစ်ကဈေးနှုန်းများအရ ပဲစဉ်းငုံတစ်တင်းလျှင် (၉၅၀၀၀) ကျပ်မှ (၁၁၀၀၀၀) ကျပ်ခန့်ရှိကြောင်းသိသည်။ မြန်မာနိုင်ငံမှထွက်ရှိသော ပဲစဉ်းငုံများကို စင်္ကာပူ၊ ထိုင်း၊ တရုတ်၊ အိန္ဒိယနိုင်များသို့ တင်ပို့ရောင်းချလျက်ရှိပြီးနိုင်ငံခြားဝင်ငွေရရှိသော ပဲမျိုးစေ့တစ်ခု ဖြစ်ကြောင်း သိရှိရသည်။
DOCA(မန္တလေး)