မွန်ပြည်နယ် ဝဥ စက်ရုံများမှ ဝဥထုတ်လုပ်တင်ပို့မှု

Powered by Drupal

         ဝဥ သည် မွန်ပြည်နယ်၊ ရေးမြို့နယ်၏ One Region One Product -OROP ထုတ်ကုန် တစ်ခုဖြစ်သည်။ မွန်ပြည်နယ်တွင် ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် (စက်တင်ဘာလကုန်ထိ) ဝဥစိုက်ဧက (၈၄၄) ဧကရှိပြီး ပိဿာချိန် (၁၀၃၁၇၅၂) ထွက်ရှိကြောင်းသိရှိရသည်။

          မွန်ပြည်နယ်၌ ဝဥစက်ရုံ (၅) ရုံရှိရာ အဆိုပါ ဝဥစက်ရုံများမှာ မွန်၊ ကရင်၊ တနင်္သာရီဒေသတို့မှ ထွက်ရှိသော ဝဥအစိုများကို ဝယ်ယူ၍ ဝဥအခြောက်များကို ထုတ်လုပ်ကြသည်။ ဝဥစက်ရုံ (၅) ရုံမှ ဝဥအစိုသုံးစွဲမှုအနေဖြင့် ၂၀၂၄ ခုနှစ် ဝဥရာသီတွင် ဝဥအစိုပိဿာချိန်သိန်းပေါင်း (၂၃၀) ခန့်သုံးစွဲခဲ့ပြီး ဝဥခြောက် တန်ချိန် (၅၀၀၀) ကျော်၊ တန်ဖိုးအားဖြင့် ဒေါ်လာ (၄) သန်းကျော်ခန့်ထုတ်လုပ်ကာ တရုတ်နှင့် အင်ဒိုနီးရှားနိုင်ငံသို့ တင်ပို့ရောင်းချကြောင်း ဝဥစက်ရုံလုပ်ငန်းရှင်မှ ပြောကြားခဲ့သည်။

          ဝဥမှ တန်ဖိုးမြှင့်ထုတ်ကုန်များဖြစ်သော ဆေးဝါး၊ အလှကုန်၊ စားသောက်ကုန်၊ ဝဥဂျယ်လီ၊ ဝဥရေခဲမုန့်၊ ဝဥတုံ၊ ဝဥခြောက်၊ ဝဥမှုန့်တို့ကို ထုတ်လုပ်နိုင်ပြီး မွန်ပြည်နယ်တွင် ဝဥတုံနှင့်  ဝဥခြောက်တို့ကိုသာ ထုတ်လုပ်နိုင်ကြောင်း သိရှိရသည်။

          ဝဥမှာ စက်တင်ဘာလမှ ဒီဇင်ဘာလအထိ ထွက်ရှိကြောင်း၊ ယခုနှစ်ဝဥရာသီတွင် ဝဥအစိုဈေးနှုန်းမှာ စက်ရုံအရောက်အဝယ်ဈေး တစ်ပိဿာလျှင် (၂၃၀၀) ကျပ် ရှိပြီး ယခင်နှစ်က ဝဥရာသီတွင် ဝဥအစိုတစ်ပိဿာလျှင် (၁၀၂၅) ရှိခဲ့ရာ ယခုနှစ်တွင် ဈေးပိုမို ရရှိခဲ့ကြောင်း  ဝဥ စိုက်ပျိုးသူများထံမှ သိရှိရသည်။

DOCA(မွန်)