
ပြည်သူများ နေ့စဉ်စားသုံးလျှက်ရှိသည့် အသီးအနှံများတွင် ဆောင်းရာသီသီးနှံ တစ်မျိုးဖြစ်သည့် အိမ်ရှင်မများအကြိုက် မုန်ညင်းရွက် အပင်များကို ကျိုက်မရောမြို့နယ်၊ မြွေဟောက်ကျေးရွာအုပ်စုတွင် ခြံစိုက်တောင်သူများ စီးပွားဖြစ် စိုက်ပျိုးကြရာ အထွက်နှုန်း ကောင်းပြီး ဈေးကောင်းရသဖြင့် မိသားစုများ အပိုဝင်ငွေရရှိကာ စီးပွားရေးအဆင်ပြေ လျှက်ရှိကြောင်း သိရသည်။
ရာသီအလိုက် သီးနှံများထဲ၌ စိုက်ပျိုးဖြစ်ထွန်းသည့် ဟင်းသီးဟင်းရွက်များအနက် ဈေးကွက် ဝယ်လိုအားကောင်းသည့် မုန်ညင်းရွက်ကို မြွေဟောက်ကျေးရွာ၌ ပို၍ စိုက်ပျိုးလာကြကြောင်းသိရသည်။ မုန်ညင်းကို အအေးဓာတ်များသော ဒေသတွင် ပို၍ စိုက်ပျိုးပြီး စိုက်ပျိုးမြေမှာ မြေဆီမြေဩဇာကြွယ်ဝရန်လိုအပ်ပြီး မြေဆီမြေဩဇာ မကြွယ်ဝသော မြေဖြစ်ပါက နွားချေးနှင့် မြေဆွေးထည့်မွှေရန် လိုအပ်ကြောင်း မုန်ညင်းရွက်ကို ရာသီမရွေးစိုက်ပျိုးနိုင်သော်လည်း အအေးကြိုက်သော သီးနှံဖြစ်၍ ဆောင်း ရာသီတွင် ပိုမိုစိုက်ပျိုး ဖြစ်ထွန်းကြောင်း မုန်ညင်းစိုက် တောင်သူ ဦးဇေယျာက ပြောသည်။
မုန်ညင်းရွက်များကို ပျိုးထောင်စိုက်ပျိုးမည်ဆိုပါက အရွက်သေးများအတွက် တစ်ပေအကွာအတန်းများတွင် တစ်ပင်နှင့်တစ်ပင် တစ်ပေခြား၍ စိုက်ပျိုးရကြောင်း အရွက်ကြီးမျိုးကို တစ်ပင်နှင့်တစ်ပင် တစ်ပေခြား၍ စိုက်ပျိုးရကြောင်း သိရသည်။ မုန်ညင်းရွက်ကို ဆောင်းရာသီအစ နိုဝင်ဘာလဆန်းပိုင်းတွင် စတင်စိုက်ပျိုးကြပြီး ၄၅ရက် အကြာတွင် ခူးရမည်ဖြစ်ရာ မုန်ညင်းရွက်ကို အချို့ပိဿာချိန်နှင့် ရောင်းပြီး အချို့က အပင်လိုက်နုတ်ပြီး တစ်ပင်ကို ၂ဝဝကျပ် ၊ ၃ဝဝကျပ် အထိ ဈေးရ၍ မုန်ညင်းကို စီးပွားဖြစ် စိုက်ပျိုးသူများအပိုဝင်ငွေ ရရှိကာ စီးပွားရေး အဆင်ပြေလျှက်ရှိကြောင်း သိရသည်။
DOCA(မွန်)