အထက်မင်းလှမြို့နယ်၌ ကီလိုမာလကာသီးစိုက်ပျိုးထွက်ရှိမှုနှင့်ဈေးနှုန်းဈေးကွက်

Powered by Drupal

        မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ အထက်မင်းလှမြို့နယ်ရှိ ကျေးရွာများ၌ သီးနှံမျိုးစုံ စိုက်ပျိုးလျက်ရှိပြီး မြေအမျိုးအစားမရွေး ဖြစ်ထွန်းအောင်မြင်ပြီး စိုက်ပျိုးရန်လွယ်ကူသော နှစ်ရှည်ပင် သီးနှံတစ်မျိုးဖြစ်သည့် ကီလိုမာလကာသီးကို ပန်းတော်ပြင်ကျေးရွာတွင် စီးပွားဖြစ်ဥယျာဉ်ခြံ မြေများနှင့် ယာမြေများတွင်တစ်ပိုင်တစ်နိုင် စိုက်ပျိုးကြောင်း သိရသည်။

        မျိုးအနေဖြင့် ကီလိုမာလကာ ကိုင်းကူးပျိုးပင်များကို အစိုဓာတ်ကောင်းမွန်စွာ ရရှိသည့် ဇွန်လနှင့် ဇူလိုင်လများတွင်သာမက မြေအောက်ရေကို အသုံးပြု၍လည်း တစ်နှစ်ပတ်လုံး စိုက်ပျိုးကြလေ့ရှိပြီး စိုက်ပျိုးမှုအနေဖြင့် ပင်ခြား ၁၁ပေ တန်းခြား ၁၂ ပေ အကွာဖြင့် စိုက်ဧက တစ်ဧကလျှင် ကီလိုမာလကာပင် ၃၀၀ ခန့် စိုက်ပျိုးထားကြောင်း သိရသည်။ စိုက်ပျိုးမှုကုန်ကျ စရိတ်အနေဖြင့် မျိုး၊ သွင်းအားစု၊ လုပ်သားခအပါအဝင် တစ်ဧကလျှင် စုစုပေါင်းငွေကျပ် သိန်း ၆၀ ခန့် ကုန်ကျကြောင်း၊ ကိုင်းကူးကီလိုမာလကာပင်မှာ စိုက်ပျိုးပြီး နှစ်လခွဲသားအရွယ်ခန့်တွင် အသီးများကို စတင်သီးနိုင်ပြီး အပင်များကို ပြုစုပေးပါက ကီလိုမာလကာပင်မှာ တစ်နှစ်လျှင် အသီးခူးချိန် (၄)ကြိမ်ခန့် ခူးဆွတ်နိုင်ကြောင်း၊ အထွက်နှုန်းအနေဖြင့် မြေအနေအထားနှင့် အပင်ဖြစ်ထွန်း အောင်မြင်မှု၊ အပင်သက်တမ်းအကြီး၊ အငယ်အရွယ်အစားပေါ်မူတည်၍ တစ်ကြိမ်လျှင် ကီလိုမာလကာပင်တစ်ပင်အတွက် အလုံးရေ (၃၀ မှ ၄၀)ကြားသီးတက်ကြောင်း၊  တစ်နှစ်အတွက် တစ်ဧကလျှင် ပျမ်းမျှအလုံးရေ ၃၆၀၀၀ လုံးနီးပါးထွက်ရှိကြောင်း၊ အကျိုးအမြတ်အနေဖြင့် ကီလိုမာလကာစိုက်တစ်ဧကအတွက် တစ်နှစ်လျှင် ငွေကျပ်သိန်း(၁၀၀)ခန့် ရရှိကြောင်း၊ ဈေးနှုန်း အနေဖြင့် ၂၀၂၅ခုနှစ်၊ ဇန်နဝါရီလ(ပထမပတ်)တွင် ကီလိုမာလကာသီး လက်ကားဈေး တစ်လုံးလျှင် ငွေကျပ်(၄၅၀)နှုန်းဖြင့် ရောင်းချရကြောင်း၊ ဈေးကွက်အနေဖြင့် ဒေသတွင်းရှိ  သရက်-မင်းလှ ကားလမ်းဘေးရှိသစ်သီးဆိုင်များနှင့် မင်းလှမြို့၊ ဇေယျာသီရိဈေးသို့ တင်သွင်းရောင်းချကြောင်း သိရှိရပါသည်။

DOCA(မကွေး)