မိတ္ထီလာမြို့ဈေးကွက်တွင် ဒေသတွင်းထွက်ရှိသော ဗမာခရမ်းချဉ်သီး၊ ထိုင်ဝမ်သီး ခရမ်းချဉ်သီးနှင့် ရှမ်းပြည်နယ်အောင်ပန်းဘက်မှလာသော ရှမ်းသီးများ ရောင်းဝယ်ဖောက်ကား လျက်ရှိပါသည်။ မိတ္ထီလာမြို့နယ်တွင် ခရမ်းချဉ်သီးကို ရွာကန်၊ဂွေ့အိုင်၊ရွာသစ်၊မကျီးကုန်း၊ ကျောက်ဖူး၊ မယ်ဇလီကုန်း၊ ကံတောင်၊ကျေးရွာများတွင် မိသားစုအပိုဝင်ငွေ ရရှိအောင် တစ်နိုင်တစ်ပိုင် စိုက်ပျိုး ရောင်းချကြရာ ယခုအခါ ဈေးကွက်အတွင်း ခရမ်းချဉ် သီးဈေးကောင်းရ၍ ခရမ်းချဉ်သီး (ပြည်ပ) မျိုးများကို တစ်နှစ်သုံးကြိမ် စိုက်ပျိုး ကြောင်းသိ ရပါသည်။ မိုးရာသီ ဇွန်လတွင် စိုက်ပျိုးကြပြီး သြဂုတ်လ နှင့်အောက်တိုဘာ၊ နိုဝင်ဘာလ များတွင်လည်း စိုက်ပျိုးကြကြောင်း၊ ခရမ်းချဉ်သီးစိုက်ပျိုးရာ တွင် ဧကလိုက် စိုက်ပျိုးခြင်းနည်းပြီး တစ်ပိုင်တစ်နိုင်ပျိုးထုတ် အလိုက်စိုက်ပျိုးကြကြောင်း၊ ခရမ်းချဉ် သီးမျိုးများမှ Sungenta ကုမ္ပဏီမှ (111) တံဆိပ်နှင့် ချီရာထိုင်းကုမ္ပဏီမှ (100) တံဆိပ်၊ (909)တံဆိပ်မျိုးများကို အများဆုံးစိုက်ပျိုးကြကြောင်း၊ (111) တံဆိပ်မျိုးစေ့ (5kg) တစ်ထုပ်လျှင် (၃၆၀၀၀) ကျပ် နှင့် (100) တံဆိပ်မျိုးစေ့ (5 kg) တစ်ထုပ်လျှင် (၂၈၀၀၀) ကျပ်၊ (909)တံဆိပ်(5 kg) တစ်ထုပ်လျှင် (၃၃၀၀၀) ကျပ်ဈေးရှိပြီးအပင်ပေါက်နှုန်း(၈၀%)ခန့်ရှိကြောင်းသိရပါသည်။
ခရမ်းချဉ်သီးစိုက်ပျိုးရာတွင် မျိုးစေ့တစ်ထုပ်လျှင်မြေ(၀.၁၅)ဧက ပေါ်တွင် ပျိုးပင် (၁၂၀၀) ခန့် စိုက်ပျိုးနိုင်ပြီး ပျိုးပင်(၂၀) ရက်သားခန့်တွင် ပြောင်းရွေ့ စိုက်ပျိုးရပါကြောင်း၊ ပျိုးအိတ် တစ်ပေါင်ခွဲ တစ်ထုပ်လျှင်(၆၃၀၀) ကျပ်ရှိကြောင်း၊ ပြောင်းရွေ့စိုက်ပျိုးရန် ထွန်ယက်ခြင်း၊ မြေပြု ပြင်ခြင်း၊ တန်းဆွဲခြင်း၊ ရေတင်ခြင်း၊ ဘောင်တင်စိုက်ပျိုးခြင်းတို့အတွက် လုပ်သားခ (၂၂၀၀၀၀)ကျပ်၊ သွင်းအားစု မြေဩဇာကို သုံးကြိမ်ကျွေးရပြီး သွင်းအားစုနှင့် ပိုးသတ်ဆေး၊ မှိုရောဂါကာကွယ်ဆေး၊ အပင်၊ အသီး၊ အပွင့်အားဆေးများ အသုံးပြုခြင်းအတွက် (၂၅၀၀၀၀) ကျပ်၊ ခရမ်းချဉ်သီး တိုင်ထောင် ခြင်းအတွက် တိုင်(၄၅၀)လုံးအသုံးပြုရပြီး တိုင်နှင့်ကြိုးတန်ဖိုး(၁၅၀၀၀၀)ကျပ်၊ ခူးဆွတ်သည့် လုပ်အား ခအနေဖြင့် (၁၀၀၀၀၀) ကျပ်ခန့်ကုန်ကျပြီး စုစုပေါင်း (111) တံဆိပ်မျိုးစေ့ထုပ်တစ်ထုပ်စိုက်ပျိုးလျှင် (၇၆၂၃၀၀) ကျပ် ကုန်ကျစရိတ်ရှိကြောင်းသိရပါသည်။ မျိုးစေ့တစ်ထုပ်လျှင် အပင်ဖြစ်ထွန်းမှု (၁၂၀၀) ပင်ရှိပြီး၊ စတင်စိုက်ပျိုးပြီးရက်ပေါင်း(၇၅)ရက်တွင်စတင်ခူးဆွတ်ရပြီး ခူးဆွတ်ကာလမှ (၂)လခန့်ထိ ခူးဆွတ်နိုင်သဖြင့် မျိုးစေ့တစ်ထုပ် စိုက်လျှင် ခရမ်းချဉ်သီး (၂၀၀၀) ပိဿာထွက်ရှိပါသည်။
မိတ္ထီလာမြို့ရှိ ခရမ်းချဉ်သီးပွဲရုံများသို့ တင်ပို့ရောင်းချကြပြီး၊ ယခုလက်ရှိတွင် ဒေသတွင်း အောက်တိုဘာလမှ စိုက်ပျိုးသော ခရမ်းချဉ်သီးများဈေးကွက်ဝင်ရောက်လာသဖြင့် ရှမ်းပြည်နယ်ဘက်မှ အဝင်နည်းလာကြောင်း၊ ဒေသထွက် ခရမ်းချဉ်သီးများကို မိတ္ထီလာခရိုင်အတွင်း မြို့နယ်များသို့ ရောင်းချကြပြီး ပွဲရုံသွင်းဈေး တစ်ပိဿာလျှင် (၁၅၀၀) ကျပ်ခန့်၊ လက်လီဈေးကွက်တွင် ဗမာခရမ်းချဉ်သီးတစ်ပိဿာလျှင် (၂၅၀၀-၃၀၀၀)ကျပ်၊ ထိုင်ဝမ်းသီး တစ်ပိဿာလျှင် (၃၀၀၀-၃၅၀၀) ကျပ်ဈေးခန့်ရှိသဖြင့် ခရမ်းချဉ်စိုက်တောင်သူများလည်း အကျိုးအမြတ်များစွာရရှိကြောင်း ခရမ်းချဉ်စိုက်တောင်သူများထံမှ သိရှိရပါသည်။
DOCA(မန္တလေး)