ထုတ်ကုန်အရည်အသွေးနှင့် စားသုံးသူအခွင့်အရေးများအပေါ် အကျိုးသက်ရောက်မှု

Powered by Drupal

            လူတိုင်းသည် စားရေး၊ဝတ်ရေး၊နေရေးဆိုသည့် အခြေခံအရေးသုံးပါးအတွက် နေ့စဉ်နဲ့အမျှ လှုပ်ရှားဆောင်ရွက်ကြရသည်။ထိုသို့ဆောင်ရွက်ကြရာ၌ စီးပွားရေးအလို့ငှာကုန်ပစ္စည်းများ၊ ဝန်ဆောင်မှုများကို ထုတ်လုပ်၊ဖြန့်ဖြူး၊ရောင်းချကြသည့် လုပ်ငန်းရှင်များရှိကြသည်။ ထို့အပြင် မိမိလိုအပ်သည့် ကုန်ပစ္စည်း၊ဝန်ဆောင်မှုတိုင်းကို ကိုယ်တိုင်ထုတ်လုပ်ရန်မဖြစ်နိုင်သည့်အတွက် ဝယ်ယူသုံးစွဲကြရသည့် စားသုံးသူများလည်း ရှိမည်ဖြစ်ပါသည်။ ဆိုလိုချင်သည်မှာ လူတစ်ဦးသည် မိမိစီးပွားရေးလုပ်ငန်းအတွက်လုပ်ငန်းရှင်ဖြစ်နိုင်သကဲ့သို့ အခြားတဖက်တွင်စားသုံးသူလည်း ဖြစ်ပါသည်။ သို့ပါ၍ လုပ်ငန်းရှင်များအနေဖြင့် ကုန်ပစ္စည်းများထုတ်လုပ်ရောင်းချရာတွင် မိမိတို့၏ထုတ်ကုန်အပေါ် စားသုံးသူအမြင်ဖြင့် ရှုမြင်ကြည့်တတ်ရန်လည်း လိုပါသည်။အမြတ်အစွန်းရရှိရေးနှင့် မိမိထုတ်လုပ်၊ရောင်းချသောကုန်ပစ္စည်းအရေအတွက် များများရောင်းချနိုင်ရေးတို့မှာ လုပ်ငန်းရှင်တိုင်း၏မျှော်လင့်ချက်ဖြစ်သကဲ့သို့ မိမိဝယ်ယူမည့်ပစ္စည်းသည် အရည်အသွေးကောင်းမွန်စေရေး၊ သင့်တင့်သောစျေးနှုန်းဖြင့်ဝယ်ယူရရှိနိုင်ရေးတို့သည် စားသုံးသူများ၏ ဆန္ဒဖြစ်သည်။ ထို့ကြောင့် ထုတ်ကုန်များ၏အရည်အသွေးနှင့်စျေးနှုန်းသည် စျေးကွက်နေရာရရှိရေးအတွက် အခြေခံအကြောင်းတရားများဖြစ်လာသည်။ စျေးကွက်တွင် ယှဉ်ပြိုင်မှုပြင်းထန်လေလေ အရည်အသွေးကို အလေးထားလာရလေဖြစ်ပါသည်။ စားသုံးသူများအနေဖြင့် စျေးနှုန်းခြင်းတူပါက အရည်အသွေးကောင်းသည်ကို ရွေးချယ်မည်ဖြစ်သကဲ့သို့ အရည်အသွေးတူပါက စျေးနှုန်းချိုသာ သည်ကို ရွေးချယ်ကြမည်ဖြစ်သည်။သို့ဖြစ်၍ ထုတ်ကုန်၊ ဝန်ဆောင်မှုတို့ကိုထုတ်လုပ်ကြရာတွင် ထုတ်လုပ်မှုစရိတ်သက်သာစေရေးနှင့် ထုတ်ကုန်အရည်အသွေးကောင်းရရှိစေရေး ဆောင်ရွက်လာကြရသည်။ ထုတ်ကုန်အရည်အသွေး စီမံခန့်ခွဲမှုပညာရပ်များကို လေ့လာ၊အသုံးချလာကြရသည်။

          ထုတ်ကုန်တစ်ခု၏အရည်အသွေးကို ရှုထောင့်အမျိုးမျိုးမှ အဓိပ္ပါယ်ဖွင့်ဆိုကြသည်။ အခြေခံသဘောတရားအားဖြင့် ထုတ်ကုန်အရည်အသွေးဆိုသည်မှာ သုံးစွဲသူ၏လိုအပ်ချက်နှင့်ကိုက်ညီမှုခြင်း၊ သုံးစွဲရခြင်း၏ရည်ရွယ်ချက်ကို ဖြည့်ဆည်းပေးနိုင်ခြင်း၊ သက်ဆိုင်ရာစံချိန်စံညွှန်းများနှင့် ကိုက်ညီမှုရှိခြင်း တို့ဖြစ်သည်။ စံချိန်စံညွှန်းများသည် သုံးစွဲသူများဘေးအန္တရာယ်ကင်းရှင်းစေရေးအပါအဝင် အခြေခံလိုအပ်ချက်များအပေါ်  စံထား၍သတ်မှတ်ပေးထားကြသည်ဖြစ်ရာ စံချိန်စံညွှန်းများနှင့်အညီ ထုတ်လုပ်ခြင်းသည် မိမိထုတ်ကုန်၏အရည်အသွေးအပေါ် အာမခံချက်ပေးခြင်းဖြစ်ပါသည်။ ထို့ကြောင့် ကုန်အညွှန်းများတွင် မည်သည့်စံချိန်စံညွှန်းဖြင့်ထုတ်လုပ်ထားကြောင်း ဂုဏ်ယူစွာဖော်ပြကြခြင်းဖြစ်သည်။သို့ပါ၍ ထုတ်ကုန်အရည်အသွေးသည် စားသုံးသူအခွင့်အရေးများဖြစ်သည့် ဘေးအန္တရာယ်လုံခြုံစိတ်ချစွာအသုံးပြုခွင့်၊ အခြေခံလိုအပ်ချက်အပေါ်  စိတ်ကျေနပ်မှုရရှိခွင့် စသည်တို့ နှင့် တိုက်ရိုက်ပတ်သက်နေသည်ကို မြင်တွေ့နိုင်သည်။

          ထုတ်ကုန်တစ်ခု၏အရည်အသွေးကို အောက်ပါအချက်များဖြင့် တိုင်းတာလေ့ရှိကြသည်-

                    ၁။ စွမ်းဆောင်ရည်နှင့် ရည်ရွယ်လုပ်ဆောင်မှု

                    ၂။ ကုန်ပစ္စည်း၏ ယုံကြည်စိတ်ချရမှု

                    ၃။ ထုတ်ကုန်သတ်မှတ်ချက်များနှင့် ကိုက်ညီမှု

                   ၄။ထုတ်ကုန်ကြာရှည်ခံမှုနှင့်သက်တမ်း

                    ၅။ ထုတ်ကုန်အပေါ်ဝန်ဆောင်မှုပေးနိုင်ခြင်း

                   ၆။ ထုတ်ကုန်၏ရုပ်ပိုင်းဆိုင်ရာအင်္ဂါရပ်များ

                   ၇။ ထုတ်ကုန်အပေါ် ဖောက်သည်များ၏ ခံယူချက်

၁။စွမ်းဆောင်ရည်နှင့် ရည်ရွယ်လုပ်ဆောင်မှု

          ဤအချက်သည် ထုတ်ကုန်တစ်ခု၏ အရည်အသွေးကိုတိုင်းတာသည့် အခြေခံအချက်ဖြစ်သည်။ သုံးစွဲရသည့်ရည်ရွယ်ချက်အပေါ်တွင် အကောင်းဆုံး စွမ်းဆောင်ပေးနိုင်စေရေးသည် စားသုံးသူများ၏အဓိကမျှော်လင့်ချက်လည်းဖြစ်သည်။ အခြားလုပ်ဆောင်နိုင်မှုများပါရှိနေစေကာမူ သုံးစွဲရသည့် အဓိကရည်ရွယ်ချက်အပေါ်ထိရောက်သည့်စွမ်းဆောင်ရည်ရှိမှာသာ အရည်အသွေးကောင်းသည်ဟု သတ်မှတ်နိုင်မည်ဖြစ်သည်။  ဥပမာအားဖြင့် ဒီဂျစ်တယ်ကတ္တားတစ်ခု၏ အဓိကစွမ်းဆောင်ရည်မှာ တိကျစွာချိန်တွယ်နိုင်ခြင်းဖြစ်ပြီး တိကျမှုအားနည်းလေလေ အရည်အသွေးညံ့လေလေပင်ဖြစ်သည်။

၂။ကုန်ပစ္စည်း၏ ယုံကြည်စိတ်ချရမှု

          ထုတ်ကုန်တစ်ခုအပေါ် စားသုံးသူများ၏ယုံကြည်စိတ်ချရမှုကို တည်ဆောက်ခြင်းသည် Brandတစ်ခုကို တည်ဆောက်ခြင်းဖြစ်သည်။ အမျိုးအစားတူထုတ်ကုန်များအကြား ပေးချေရသည့် တန်ဖိုးနှင့်ထိုက်တန်သည့် အရည်အသွေးရှိသည်ဟုယုံကြည်ရသော၊ ဘေးအန္တရာယ်လုံခြုံစိတ်ချရသောထုတ်ကုန်များသည်သာ လူကြိုက်များကြမည်ဖြစ်သည်။ ကမ္ဘာကျော် branded ပစ္စည်းများသည် အလားတူပစ္စည်းများထက် ယေဘုယျအားဖြင့်စျေးနှုန်းမြင့်မားကြသော်လည်း ၎င်းတို့၏ယုံကြည် စိတ်ချရမှုကြောင့် လူကြိုက်များထင်ရှားနေကြခြင်းဖြစ်သည်။

၃။ထုတ်ကုန်သတ်မှတ်ချက်များနှင့်ကိုက်ညီမှု

          ထုတ်ကုန်သတ်မှတ်ချက်ချက်များဆိုသည်မှာ အနိမ့်ဆုံးရှိရမည့် အရည်အသွေးသတ်မှတ်ချက်များ (specifications)၊ စံချိန်စံညွှန်းများ(standards) ပင်ဖြစ်သည်။ အရည်အသွေးသတ်မှတ်ချက်များနှင့် စံချိန်စံညွှန်များသည် စားသုံးသူများအတွက် အခြေခံလိုအပ်ချက်များနှင့် ဘေးကင်းလုံခြုံမှုရှိရေးတို့အပေါ်  အခြေခံရေးဆွဲထားခြင်းဖြစ်သည်။ ထို့ကြောင့်သတ်မှတ်ချက်များနှင့်ကိုက်ညီမှုရှိခြင်းသည် အဆိုပါထုတ်ကုန်၏အရည်အသွေးအာမခံချက်ဟုဆိုနိုင်သကဲ့သို့ ဂုဏ်သိက္ခာဟုလည်း ဆိုနိုင်သည်။

၄။ထုတ်ကုန်ကြာရှည်ခံမှုနှင့်သက်တမ်း

          ကုန်ပစ္စည်းတစ်ခု၏ ကြာရှည်အသုံးခံမှုသည်လည်း အရည်အသွေးတစ်ရပ်ပင်ဖြစ်သည်။ အသွင်အပြင်အားဖြင့် မည်မျှဆွဲဆောင်မှုရှိသည်ဖြစ်စေ ထိခိုက်ပျက်စီးလွယ်ပါက ပြန်လည်ပြုပြင်၍ ရသည်ဖြစ်စေ၊မရသည်ဖြစ်စေ အချိန်ကုန်ခြင်း၊ ထပ်ဆောင်းကုန်စရိတ်များရှိလာခြင်းတို့ကြောင့် သုံးစွဲသူများအနေဖြင့် စိတ်ပျက်လာကြမည်ဖြစ်သည်။ အချို့ကုန်ပစ္စည်းများတွင် သက်တမ်းအာမခံ ပေးထားသည်ကို တွေ့ရှိရပါသည်။ ထို့အပြင် အပိုစ္စည်းရရှိရန်လွယ်ကူခြင်း၊ ထိနိးသိမ်းပြုပြင်ရန် လွယ်ကူအဆင်ပြေခြင်းတို့သည်လည်း ထုတ်ကုန်အရည်အသွေးကို အကဲဖြတ်ရာတွင် စဥ်းစားရမည့် အချက်များပင်ဖြစ်သည်။

၅။ ထုတ်ကုန်အပေါ်ဝန်ဆောင်မှုပေးနိုင်ခြင်း

         ကုန်ပစ္စည်းတစ်ခုကို ဝယ်ယူခြင်းမပြုသေးမီ စမ်းသပ်ခွင့်ပေးခြင်း၊ ကုန်ပစ္စည်းနှင့် ပတ်သက်၍ တိကျမှန်ကန်သည့်သတင်းအချက်အလက်များပေးခြင်း၊အသုံးပြုပုံနှင့် ဆောင်ရန်၊ ရှောင်ရန်အချက်များကို ရှင်းလင်း​အသိပေးခြင်း၊ စားသုံးသူများအပေါ် ခွဲခြားမှုမရှိ ဖြောင့်မတ်မှန်ကန်စွာ ဆက်ဆံခြင်း၊ သင့်လျှော်သည့် အာမခံကာလနှင့် အာမခံချက်များသတ်မှတ်ပေးပြီး အာမခံချက်များနှင့်အညီ ဆောင်ရွက်ပေးခြင်းစသည်တို့သည် ထုတ်ကုန်အပေါ်ဝန်ဆောင်မှုပေးခြင်းများဖြစ်သည်။ ဤအချက်များသည် စားသုံးသူများ၏ ယုံကြည်မှုနှင့် ကျေနပ်မှုတို့ကိုရရှိစေသကဲ့သို့ ထုတ်ကုန်၏ ဂုဏ်သတင်းကိုလည်း ကျော်ကြားစေမည်ဖြစ်ပါသည်။

၆။ ထုတ်ကုန်၏ရုပ်ပိုင်းဆိုင်ရာအင်္ဂါရပ်များ

        ထုတ်ကုန်တစ်ခု၏ အသွင်အပြင်သည်လည်း အရေးကြီးသောအရည်အသွေးတစ်ရပ်ပင် ဖြစ်သည်။ ကုန်ပစ္စည်းတစ်ခု၏ လက်ရာသေသပ်လှပမှု၊ ခေတ်မီဆန်းသစ်မှု၊ နှစ်လိုဖွယ်အသွင်အပြင်ရှိမှုတို့သည် သုံးစွဲမည့်သူများအတွက် မြင်ရုံမျှဖြင့်ပင် အဆင့်အတန်းရှိသည်၊ ဂုဏ်ယူစရာတစ်ခုဖြစ်သည်ဟု ခံစားရစေပြီး ဆွဲဆောင်မှုရှိစေမည်ဖြစ်ပါသည်။ ကမ္ဘာကျော်မော်တော်ကားများ၊ စမတ်ဖုန်းများထုတ်လုပ်သည့်ကုမ္မဏီများသည် ၎င်းတို့၏ထုတ်ကုန်များကို ဒီဇိုင်းဆန်းသစ်ရေး အမြဲကြိုးပမ်းဆောင်ရွက်ကြသည်ကိုကြည့်ခြင်းအားဖြင့် ဤအချက်အရေးကြီးကြောင်း မြင်သာသည်။ ကုန်အမှတ်တံဆိပ် (Logo ) ကိုလည်း သူ့ထက်ငါဆန်းသစ်လှပရေးဆောင်ရွက်ကြသည်ကိုလည်း တွေ့ရသည်။ ထို့အပြင် ထုပ်ပိုးမှုသည်လည်း အသွင်အပြင်အတွက်အရေးကြီးသည်။ ထုပ်ပိုးမှုသည် ထုတ်ကုန်၏လုံခြုံမှုအတွက်သာ အရေးပါသည်မဟုတ်ပေ။အချို့ထုတ်ကုန်များ၌Logoနှင့်ကုန်အညွှန်းတို့ကို ထုပ်ပိုးပစ္စည်းပေါ်တွင် ကပ်နှိပ်ဖော်ပြတတ်ကြသည်ဖြစ်ရာ အဆိုပါအသွင်အပြင်သည်လည်း မြင်တွေ့ရရုံဖြင့် အထင်ကြီးဖွယ်၊ နှစ်လိုဖွယ်ဖြစ်ရန် လိုပါသည်။

၇။ ထုတ်ကုန်အပေါ် ဖောက်သည်များ၏ ခံယူချက်

         ထုတ်ကုန်အပေါ် ဖောက်သည်များ၏ ခံယူချက်ဆိုသည်မှာ သုံးစွဲသူ/စားသုံးသူတို့၏ ထုတ်ကုန် အပေါ်ထားရှိသည့် သဘောထားပင်ဖြစ်သည်။ လုပ်ငန်းတစ်ခုအောင်မြင်ခြင်းနှင့် ထုတ်ကုန်တစ်ခု၏ ဂုဏ်သတင်းသည် သုံးစွဲသူ/စားသုံးသူတို့၏လက်ခံအားပေးခြင်းပေါ်တွင်မူတည်သည်။ အရည်အသွေး ကောင်းမွန်သည့်ကုန်ပစ္စည်းကို သင့်တင့်သောစျေးနှုန်းဖြင့်ရရှိနိုင်ရေးဆိုသည့် စားသုံးသူများ၏ မျှော်လင့်ချက်ကိုအနီးစပ်ဆုံးဖြစ်အောင် ဖော်ဆောင်နိုင်လေ ဂုဏ်သတင်းမွှေးလေဖြစ်သည့်အတွက်  ထုတ်လုပ်မှုဖြစ်စဥ်တလျှောက် အရည်အသွေးစီမံခန့်ခွဲမှုနည်းလမ်းများဖြင့် ထုတ်ကုန်အရည်သွေး ကောင်းမွန်ရေးနှင့် ထုတ်လုပ်မှုစရိတ်သက်သာစေရေးဆောင်ရွက်ကြရသည်။ စားသုံးသူများ၏ တုံ့ပြန်ချက်များ(Feedback)အပေါ် ဆန်းစစ်မှုများ (analysis) ပြုလုပ်ပြီးမိမိတို့ကုန်စည် ထုတ်လုပ်မှု အပေါ် သုံးသပ်ခြင်း၊ လိုအပ်သလို ပြုပြင်ပြောင်းလဲခြင်းများ ဆောင်ရွက်ကြရသည်။

          ကမ္ဘာ့နိုင်ငံအသီးသီး၌  ထုတ်ကုန်လုံခြုံစိတ်ချရမှုဥပဒေများ၊ ထုတ်ကုန်အရည်အသွေး ဥပဒေများ ပြဌာန်း၍ကုန်စည်ထုတ်လုပ်၊ဖြန့်ဖြူး၊ရောင်းချကြရာတွင် ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေး၊ ထုတ်ကုန်များအရေးအသွေးအာမခံချက်ရှိစေရေးအတွက် ထိန်းကျောင်းဆောင်ရွက်လျက်ရှိကြောင်း လေ့လာသိရှိရသည်။ ထို့အပြင် ISO၊IEC၊ ITU၊ Codex ကဲ့သို့သော ကမ္ဘာ့စံချိန်စံညွှန်းအဖွဲ့အစည်းကြီး များကလည်း  အရည်အသွေးအာမခံချက်ရှိစေရေး ကိုးကားဆောင်ရွက်နိုင်ရန်၊ အရည်အသွေးမြင့် ကုန်ပစ္စည်းများထုတ်လုပ်မှုကို မြှင့်တင်ပေးနိုင်ရန်ရည်ရွယ်၍ စံချိန်စံညွှန်းများ ထုတ်ပြန်ပေးလျက် ရှိပါသည်။ နိုင်ငံအသီးသီးရှိစံချိန်စံညွှန်းဆိုင်ရာအဖွဲ့အစည်းများကလည်း နိုင်ငံအလိုက် ထုတ်ကုန် အလိုက်စံချိန်စံညွှန်းများ ထုတ်ပြန်ကြသည်။

          မြန်မာနိုင်ငံတွင် စံချိန်စံညွှန်းသတ်မှတ်ခြင်းဆိုင်ရာ ဥပဒေကို ၂၀၁၄ ခုနှစ်ကပင် ပြဌာန်းခဲ့ပြီး အမျိုးသားစံချိန်စံညွှန်းကောင်စီ၏ဦးဆောင်မှုဖြင့် ထုတ်ကုန်အလိုက်စံချိန်စံညွှန်းများကို ဦးစားပေး အစီအစဥ်များချမှတ်၍ ရေးဆွဲထုတ်ပြန်ပေးလျက်ရှိပါသည်။ အစိုးရဌာနများအနေဖြင့်လည်း သက်ဆိုင်ရာကဏ္ဍအလိုက် ထုတ်ကုန်များ၏စံအရည်အသွေးသတ်မှတ်ချက်များထုတ်ပြန်၍ထိန်းကျောင်း ဆောင်ရွက်လျက်ရှိပါသည်။

        လက်ရှိကာလတွင် မြန်မာနိုင်ငံ၌ ထုတ်ကုန်လုံခြုံစိတ်ချရမှုဥပဒေ၊ ထုတ်ကုန်အရည်အသွေး ဥပဒေဟူ၍ သီးခြားထုတ်ပြန်ထားခြင်းမရှိသေးသော်လည်း ၂၀၁၉ ခုနှစ်တွင်ထုတ်ပြန်ခဲ့သည့်စာသုံးသူ ကာကွယ်ရေးဥပဒေတွင်  ကုန်စည်/ဝန်ဆောင်မှု လုံခြုံစိတ်ချရမှုအတွက် အခန်းတစ်ခန်း ပြဌာန်းထား ရှိပြီး ဘေးအန္တရာယ်ရှိသည့် အရည်အသွေးမမီသောကုန်စည်များ စျေးကွက်တွင်ရောင်းချခြင်းမရှိစေရေး ဆောင်ရွက်ရမည့်အစီအမံများပါရှိသည်ကို တွေ့ရသည်။ ထို့အပြင် ၎င်းဥပဒေပါ လုပ်ငန်းရှင်များ၏ တာဝန်များ၊အာမခံပေးရမည့်အချက်များတွင် ထုတ်ကုန်အရည်အသွေးဆိုင်ရာ သတ်မှတ်ချက်များကို ထည့်သွင်းပြဌာန်းထားသည်ကို တွေ့ရသည်။ စားသုံးသူကာကွယ်ရေးဥပဒေအရ ထုတ်လုပ်ရောင်းချသော ကုန်စည်သည် သက်ဆိုင်ရာအစိုးရဌာန၊အစိုးရအဖွဲ့အစည်းများကသတ်မှတ်ထားသည့် အရည်အသွေး စံသတ်မှတ်ချက်များအပေါ်အခြေခံ၍ အာမခံချက်ပေးရန် စီးပွားရေးလုပ်ငန်းရှင်များတွင်တာဝန်ရှိပါသည်။ ထို့အပြင် မိမိထုတ်လုပ်၊ ဖြန့်ဖြူး၊ရောင်းချသည့်ကုန်စည်သည် စားသုံးသူကလက်ခံသုံးစွဲနိုင်သော အရည်အသွေးရှိကြောင်း လုပ်ငန်းရှင်ကအာမခံနိုင်ရမည်ဖြစ်ပါသည်။ ဘေးအန္တရာယ်ရှိကုန်စည်များ ကြောင့် စားသုံးသူများနစ်နာမှုမရှိစေရေးအစီအမံတစ်ခုအဖြစ် စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် စစ်ဆေးရေးအရာရှိများခန့်အပ်၍ ပြည်တွင်းထုတ်လုပ်သော ကုန်စည်များ၊ ပြည်ပမှတင်သွင်းသောကုန်စည်များနှင့်စပ်လျဉ်း၍ စျေးကွက်မရောက်မီ သို့မဟုတ် စျေးကွက်ရောက်ပြီး ကုန်စည်ကို ဘေးအန္တရာယ် ရှိ /မရှိ စောင့်ကြည့်စစ်ဆေးရန် တာဝန်ပေးအပ်ထားပါသည်။

           သို့ဖြစ်ပါ၍ လုပ်ငန်းရှင်တိုင်းသည် စျေးကွက်ယှဉ်ပြိုင်မှုမြင့်တက်လာသည်နှင့်အမျှ ထုတ်ကုန်အရည်အသွေးကို အလေးထားလာကြရသည်ဖြစ်ရာ မိမိတို့ထုတ်ကုန်များ၏အရည်အသွေးကို စားသုံးသူများလက်ခံနိုင်စေရေး၊ သတ်မှတ်ချက်များနှင့်ကိုက်ညီမှုရှိစေရေးအတွက် ထုတ်ကုန် အရည်အသွေးစီမံခန့်ခွဲမှုများကို ဆောင်ရွက်ကြရမည်ဖြစ်ပါသည်။ ထုတ်ကုန်အရည်အသွေး စီမံခန့်ခွဲခြင်း မိမိလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ခြင်းဖြစ်သကဲ့သို့ စားသုံးသူအခွင့်အရေးများဖြစ်သည့် စိတ်ကြိုက်ရွေးချယ်ဝယ်ယူနိုင်ခွင့်၊ အခြေခံလိုအပ်ချက်များပေါ်တွင် စိတ်ကျေနပ်မှုရရှိခွင့်၊ ဘေးအန္တရာယ်ကင်းရှင်းစွာအသုံပြုခွင့် စသည်တို့ကိုဖော်ဆောင်နိုင်ရေး တဖက်တလမ်းမှ အထောက်အကူပြုပါကြောင်း တင်ပြလိုက်ရပါသည်။

DOCA(စစ်ကိုင်း)