နမ့်ဆန်လက်ဖက် စိုက်ခင်းသို့ ကွင်းဆင်းလေ့လာ

Powered by Drupal

          စားသုံးသူရေးရာဦးစီးဌာန၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ နမ့်ဆန်တာဝန်ခံရုံးမှ ဝန်ထမ်းများသည် (၁5.5.၂၀၂၂)ရက်နေ့တွင် နမ့်ဆန်မြို့၊ ရပ်ကွက်(3)နေ ဦးမြတ်မောင်၏ အောင်မြင်ဖြစ်ထွန်းနေသည့် လက်ဖက်စိုက်ခင်းသို့ သွားရောက်ကွင်းဆင်း လေ့လာခဲ့ကြပါသည်။

          ဦးမြတ်မောင်၏ ပြောပြချက်အရ လက်ဖက်စိုက်ဧက(8)ဧကရှိပြီး စီးပွားဖြစ်စိုက်ပျိုးခဲ့ပြီး မိသား စုဝင်ငွေရရှိ၍ အဆင်ပြေကြောင်း၊ လက်ဖက်ကို မိဘလက်ဆင့်ကမ်းစိုက်ပျိုးပြီး မိရိုးဖလာ စိုက်ပျိုးနည်းကိုသာ အသုံးပြုစိုက်ပျိုးကြောင်း သိရှိရပါသည်။ လက်ဖက်မျိုးမှာ တရုတ်မျိုး၊ အာသံမျိုးနှင့် အင်ဒိုချိုင်းနားမျိုးဟူ၍ (၃)မျိုးရှိပြီး ဦးမြတ်မောင်မှာ အာသံမျိုးကိုသာ စိုက်ပျိုးကြောင်းသိရှိရပါသည်။ ၎င်း၏ ပြောကြားချက်အရ မြန်မာနိုင်ငံရှိလက်ဖက်ခြံအများစုမှာ အာသံမျိုးကိုအဓိကထားစိုက်ကြကြောင်း သိရှိရပါသည်။

          လက်ဖက်များသည် ပင်လယ်ရေမျက်နှာပြင်အမြင့်ပေ မြင့်လေလက်ဖက်၏အရည်အသွေး ပိုကောင်းလေဖြစ်သည်။ ပင်လယ်ရေမျက်နှာပြင်အမြင့်ပေ ၅၀၀၀ကျော်ရှိးသည့် နမ့်ဆန်ဒေသမှထွက်ရှိသည့် လက်ဖက်မှာလည်း အရည်အသွေးကောင်းမွန်သည့် လက်ဖက်အမျိုးအစားထဲတွင်ပါဝင်ကြောင်း သိရှိရပါ သည်။ ပင်လယ်ရေမျက်နှာပြင်အမြင့်နှင့် မြေဆီလွှာချဉ်ငံကိန်းပါဝင်မှုပမာဏ အနည်းအများကြောင့် လက်ဖက်အရသာနှင့် အရည်အသွေးအသင့်အတင့်ရှိကြောင်း သိရှိရပါသည်။

      လက်ဖက်ပင်မှရှိသောမျိုးစေ့မှတဆင့် အပင်ပေါက်လေးများပျိုး၍ ပြန်လည်စိုက်ပျိုးကြပါသည်။ လက်ဖက်မျိုးစေ့ကိုခူးစွတ်ပြီး (၇)ရက်တစ်ပတ်လောက်ထားပြီးပျိုးထောင်ပြုစုကြပါသည်။ ရရှိလာသော ပျိုးပင်ငယ်လေးများကို စိုက်ပျိုးပြီး လက်ဖက်ပင်(၂)နှစ်သားအရွယ်တွင်စတင်၍ အနည်းငယ်ခူးဆွတ် ရရှိကြောင်း သိရှိရပါသည်။ လက်ဖက်ကိုလည်းမိုးလွတ်ရွှေဖီဦးနှင့် မိုးမလွတ်သည့်ခက်ကန့်(သို့)ခါးကန့် ဆိုပြီးနှစ်မျိုးရှိကြောင်းသိရှိရပါသည်။ မိုးလွတ်ရွှေဖီလက်ဖက်ကို (၃)လပိုင်းအကုန် (၄)လပိုင်းတွင်ခူးဆွတ်ပြီး ခက်ကန့်(သို့)ခါးကန့်ကို (၅)လပိုင်း(၉)လပိုင်းထိခူးဆွတ်ရကြောင်းသိရှိရပါသည်။ ခက်ကန့်(သို့)ခါးကန့် အရွက်များကို မိုးကြောင့်လက်ဖက်စို ပြုလုပ်ကြပါကြောင်း သိရှိရပါသည်။

          ရွှေဖီလက်ဖက်မှာ ခက်ကန့်(သို့)ခါးကန့် လက်ဖက်ထက်ဈေးပိုရရှိကြောင်း သိရှိရပါသည်။ တစ်နှစ်ပတ်လျှင် ပျမ်းမျှ ပိဿာချိန်(1000၀)လောက်ရရှိကြောင်း သိရှိရပါသည်။ အရွက်စိမ်း ရွှေဖီတစ်ပိဿာ (၁၆၀၀)ကျပ်ရရှိပြီး ခက်ကန့်(သို့)ခါးကန့် တစ်ပိဿာလျှင်(၇၀၀)ကျပ်ရရှိကြောင်း နှင့်လက်ဖက် ကုန်ကြမ်း မည်မျှပင်ကောင်းနေပါစေ လက်ဖက်ကုန်ကြမ်းထုတ်လုပ်မှုအပိုင်းတွင် နည်းစနစ်မမှန်လျှင် လက်ဖက် အရည်အသွေး ကျဆင်းနိုင်ကြောင်း သိရှိရပါသည်။ ထွက်ရှိလာသည့် လက်ဖက်အညွန့်လေးများဖြင့် လက်ဖက်စို၊ Black Tea နှင့်Green Tea အဖြစ်သို့ပုံစံမျိုးများဖြင့် ထုတ်လုပ်ဖြန့်ဖြူးရောင်းချသုံးစွဲကြပြီး Black Tea နှင့်Green Teaများကို ပေါင်းလှန်းခြောက်၊ လက်လှော်ခြောက်နှင့် စက်လှော်ခြောက်ဟူသော နည်းစနစ်များဖြင့် ပြုလုပ်ကြကြောင်းသိရှိရပါသည်။ ယခုအချိန်တွင်နမ့်ဆန်ဒေသ၌ 60% လောက်က လက်ဖက်ကိုသာ အဓိကထားစိုက်ပျိုးကြကြောင်းနှင့် ထွက်ရှိသည့်လက်ဖက်စိုနှင့် လက်ဖက်ခြောက်များကို တံဆိပ်မျိုးစုံအမယ်မျိုးစုံဖြင့် မြန်မာနိုင်ငံအနှံ့အပြားသို့ ဖြန့်ဖြူးရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။

DOCA(ရှမ်း)