မင်းကွတ်သီးအကြောင်း သိကောင်းစရာများ

Powered by Drupal

       မင်းကွတ်သီး၏ အခေါ်အဝေါ်မှာ အင်္ဂလိပ်အမည် (Mangosteen)၊ ရုက္ခဗေဒအမည် (Garcinia mandostana)၊ မျိုးရင်း (CLusiaceae)ဖြစ်ပြီး အာရှနိုင်ငံများနှင့် အာဖရိကနိုင်ငံများမှာ စိုက်ပျိုးကြပြီး မြန်မာနိုင်ငံတွင် တနင်္သာရီတိုင်း၊ မွန်ပြည်နယ်အစရှိသောဒေသများ၏ မြေဩဇာ ကောင်းမွန်သည့် ချိုင့်ဝှမ်းများနှင့် ပင်လယ်ကမ်းတစ်လျှောက်ရှိတောင်ခြေများတွင် အများဆုံး စိုက်ပျိုးကြကြောင်း ၊ အီ‌ကွေတာရာသီဥတုကို နှစ်သက်ပြီး ပူအိုက်စိုစွတ်သောဒေသတွေမှာ ပေါက်ရောက်‌ကြောင်း ၊ နှစ်ရှည်ပင်အမျိုးအစားဖြစ်ပြီး အမြင့်ပေအားဖြင့် ပေ၂၀ မှ ပေ ၈၀ ထိမြင့်ကြောင်း အချို့အပင်များမှာစိုက်ပျိုးချိန်မှ  ငါးနှစ် ၊ ခြောက်နှစ်အတွင်း စတင်အသီးသီးလေ့ရှိပြီး ပုံမှန်အားဖြင့်  ရှစ်နှစ်၊ ဆယ်နှစ်သားလောက်မှစတင်၍ အသီးသီးလေ့ရှိကြောင်း လေ့လာသိရှိရပါသည်။

          မင်းကွတ်ပင်သည် ဆောင်းရာသီ နိုဝင်ဘာလမှစ၍ ဖေဖော်ဝါရီလကုန်၊ မတ်လဆန်းအထိ အပွင့်များပွင့်ပြီး မိုးဦးနှင့် မိုးလယ်လများဖြစ်သော မေလမှ ဩဂုတ်လအတွင်း အသီးများမှည့်ကြသည်။ နိုင်ငံတော်အစိုးရ၏ စိုက်ပျိုးရေးဦးစီးဌာနက ပြည်ပပို့ကုန်အနေဖြင့် ဥရောပတိုက်နှင့် အာဖရိက တိုက်တောင်ပိုင်းသို့  နှစ်စဉ်တင်ပို့ရောင်းချလျှက်ရှိကြောင်း၊ လက်ရှိကာလတွင် မုံရွာမြို့နယ်အတွင်းသို့ မော်လမြိုင်မြို့မှ ထွက်ရှိသောမင်းကွတ်သီးများ ဝင်ရောက်လျှက်ရှိပြီး  တစ်လုံးလျှင် (၄၀၀)ကျပ်၊ ဆယ်လုံးလျှင် (၃၅၀၀)ကျပ်ဖြင့် ‌ရောင်းချလျှက်ရှိကြောင်း သိရှိရပါသည်။

         မင်းကွတ်သီးသည် ချိုချိုချဉ်ချဉ်အရသာရှိသောကြောင့် လူအများက အအီပြေစေသည့် အသီးအဖြစ် စားကြကြောင်း၊ ဒူးရင်းသီးနဲ့ မင်းကွတ်သီးတို့သည် အသီးပေါ်ချိန်ခြင်း တူသောကြောင့် ဒူးရင်းသီး စားပြီး အီလျှင် မင်းကွတ်သီး ချဉ်ချဉ်လေးတွဲဖက်ပြီး စားသုံးကြကြောင်း၊ တစ်လုံးစားရုံနှင့် မဝနိုင်ဘဲ လေးငါးလုံးဆက်စားမှသာ တင်းတိမ်လေ့ရှိကြောင်း၊လေ့လာသိရှိရပါသည်။မင်းကွတ်သီးသည်မည်သည့် သီးနှံနှင့်မတူညီဘဲ စားသုံးသူ၏ ဘဝင်နှလုံးကို အေးမြကြည်လင်စေသည့်အတွက် လူကြိုက်များကြကြောင်း သိရှိရပါသည်။

        မင်းကွတ်သီး၏ အာနိသင်နှင့် ပတ်သက်ပြီး အပိုင်းနှစ်ပိုင်းခွဲ၍ အတွင်းဖြူသားနဲ့ အပြင်အခွံ ညိုညိုလေးများဖြင့် ခွဲခြားပြောရပါမည်။ အတွင်းပိုင်းကို စားသုံးလေ့ရှိပြီး အပြင်အခွံသည် ထူထဲပြီး စားမရသော်လည်း ကျန်းမာရေးအတွက် ဆေးဖက်ဝင်ပါသည်။ (ဥပမာ အရေပြားရောင်ရမ်းခြင်း၊ အဆစ်အမြစ်ရောင်ခြင်း၊ သွေးကြောရောင်ခြင်း၊ နှင်းခူရောဂါများအတွက်  အကျိုးရှိကြောင်း၊ ကင်ဆာရောဂါကို ကာကွယ်တိုက်ဖျက်နိုင်သောအာနိသင်ရှိကြောင်း၊ ရိုးရာတိုင်း‌ရင်းဆေးပညာတွင် မင်းကွတ်သီးအခွံကို ကင်ဆာရောဂါဟု ယူဆရသော အဖုအကျိတ်များ ကုသရာတွင် အသုံးပြုခဲ့ကြကြောင်း၊ မင်းကွတ်သီးအခွံကို အခြောက်လှမ်းပြီး  အ‌ရေပြားရောဂါ၊ ခြေဖနောင့်ကွဲရောဂါ၊ ထိခိုက်ဒဏ်ရာရောဂါ၊ ဝမ်းပျက်၊ဝမ်‌လျော၊ ဝမ်းကိုက်ရာဂါ၊ ဆီးလမ်း‌ကြောင်းပိုးဝင်ရောဂါ၊ စိတ်ရောဂါ၊ အာရုံကြောရောဂါများအတွက်  အသုံးပြုကြကြောင်း လေ့လာသိရှိရပါသည်။

DOCA(စစ်ကိုင်း)