အရောင်းသွက်သည့်ပန်းဂေါ်ဖီ

Powered by Drupal

            မန္တလေးစျေးကွက်အတွင်းသို့ ဆောင်းရာသီစာ ကုန်စိမ်းသီးနှံမျိုးစုံ အများအပြားဝင်ရောက်လျက်ရှိပြီး၊ ပန်းဂေါ်ဖီပွင့်မှာ ဝင်ရောက်မှုများသည့်ကုန်စိမ်းအမယ်တစ်မျိုးဖြစ်ကြောင်း သိရပါတယ်။ ဇန်နဝါရီလဒုတိယပတ်တွင် ဒီဇင်ဘာလရှိကုန်စိမ်းသီးနှံစျေးနှုန်းနှင့်နှိုင်းယှဉ်ပါက အနည်းငယ်ကျသွားကြောင်း သိရပါတယ်။  မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်တောင်ပိုင်းဒေသများမှ ထွက်ရှိသည့်ပန်းဂေါ်ဖီပွင့်ဖြူနှင့် ပန်းဂေါ်ဖီပွင့်စိမ်းများမှာ မန္တလေးကုန်စိမ်းစျေးကွက်သို့ ဝင်ရောက်မှုများကြောင်းသိရပါတယ်။ စျေးကွက်အတွင်း ပန်းဂေါ်ဖီပွင့်ဖြူနှင့်ပန်းဂေါ်ဖီ ပွင့်စိမ်းမှာအရောင်းသွက်သည့် ကုန်စိမ်းအမယ်များဖြစ်ပါတယ်။ ပန်းဂေါ်ဖီဖြူနှင့် ပန်းဂေါ်ဖီစိမ်းသည် အဟာရဓါတ်ပါဝင်မှုကွာခြားမှုမရှိဘဲ ကယ်လ်လိုရီနည်းသည့် ဟင်းသီးဟင်းရွက်အမယ်တစ်မျိုးဖြစ်ပြီး၊ အမျှင်ဓါတ်၊ သတ္တုဓါတ်၊ ဗီတာမင်များနှင့် Antioxidants များ ကြွယ်ဝခြင်းတို့ကြောင့် ကျန်းမာရေးအတွက်အကျိုးပြုသော ဟင်းသီးဟင်းရွက်အမယ်တစ်မျိုးဖြစ်ပါတယ်။ ပန်းဂေါ်ဖီပွင့်အား ကြော်စားခြင်း၊ ချက်စားခြင်း၊ အသုတ်သုတ်စားခြင်း၊ အတို့အဖြစ်စားခြင်း၊ အချဉ်ပြုလုပ်၍စားခြင်း၊ တခြား ဟင်းသီးဟင်းရွက်များဖြင့် ရောနှော၍ကြော်စားကြောင်း သိရပါတယ်။ ပန်းဂေါ်ဖီပွင့်ဖြူမှာ မန္တလေးကုန်စိမ်းစျေးကွက်အတွင်း ဒီဇင်ဘာလနောက်ဆုံးပတ်တွင် လက္ကားစျေးတစ်ခုလျှင် ၁၈၀ဝိ/-နှင့် ၂၀၀ဝိ/-စျေး၊လက်လီစျေးတစ်ခုလျှင် ၂၀၀ဝိ/-နှင့် ၂၂၀ဝိ/-စျေးတို့ဖြင့် ရောင်းချခဲ့ပြီး၊ ဇန်နဝါရီလ ဒုတိယပတ်အတွင်း ပန်း‌ဂေါ်ဖီပွင့်ဖြူလက္ကားစျေးမှာ တစ်ခုလျှင်  ၁၀၀ဝိ/-နှင့် ၁၂၀ဝိ/- စျေး၊ လက်လီ စျေးမှာ ၁၃၀ဝိ/- နှင့် ၁၅၀ဝိ/-စျေးတို့ဖြင့် ရောင်းချလျက်ရှိရာ ဝင်ရောက်မှုများသည့်အတွက် ‌စျေးအနည်းငယ်ကျသွားကြောင်းသိရပါတယ်။ ပန်းဂေါ်ဖီပွင့်ဖြူများမှာ အရွယ်အစားအလိုက် စျေးအနည်းငယ်ကွာခြားမှုများရှိပြီး၊ အရောင်းသွက်လျက်ရှိသည့် ဟင်းသီးဟင်းရွက်အမယ်တစ်မျိုးဖြစ်ကြောင်း သိရပါတယ်။ မန္တလေးကုန်စိမ်းရောင်းချသည့်သီရိမာလာစျေး(ပိုက်ကျုံးစျေး)တွင် ပန်း‌ဂေါ်ဖီ ဖြူနှင့် ပန်းဂေါ်ဖီစိမ်းဝင်ရောက်မှုမှာ တစ်ရက်လျှင် Canter (၆) ဘီးကား (၈)စီးနှင့် (၁၀)စီး အကြား ဝင်ရောက်ကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)