မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်တွင် စိုက်ပျိုးရေးကို အဓိကထားဆောင်ရွက် လုပ်ကိုင်သောဒေသဖြစ်ပြီး မွေးမြူရေးလုပ်ငန်းကိုတွဲဖက်ပြီး လုပ်ကိုင်လျက်ရှိရာ ယခုအခါတွင် မွေးမြူရေးလုပ်ငန်းများကို တစ်နိုင်တစ်ပိုင်မှစီးပွားဖြစ် မွေးမြူလာကြပါသည်။ ၄င်းလုပ်ငန်းများအနက် ဆိတ်မွေးမြူရေးလုပ်ငန်းအား သွားရောက်လေ့လာခဲ့ရာ အများစုမှာ တောင်သူလယ်လုပ်များမဟုတ်ဘဲ အခြေခံလက်လုပ်လက်စားများမှ လုပ်အားခငွေများကိုစု၍ (၂-၃)ကောင်မှစ၍ မွေးမြူကြကြောင်း၊ အချို့မှာချေးငွေရယူ၍ မွေးမြူသူများမှာ (၁၀-၁၅)ကောင်မှစ၍ မွေးမြူကြောင်း၊ ငွေကြေးမတတ်နိုင်သူများမှာ နေ့စားဆိတ်ကျောင်းရကြောင်း၊ (၁)ရက်ကို (၂)ကြိမ် ဆိတ်ကျောင်းရကြောင်း၊ ဆိတ်ကျောင်းခအနေဖြင့်ဆိတ်အုပ်အကောင်ရေပေါ်မူတည်၍(၅၀၀၀-၈၀၀၀)ကျပ်ထိပေးရကြောင်း၊ ဆိတ်မွေးရန်အတွက် တစ်ကောင်လျင်(၄၅၀၀၀-၅၀၀၀၀)ကျပ်ပေးပြီး မွေးမြူရကြောင်း၊ ဆိတ်မျိုးအနေဖြင့် ရှေးအစဉ်အဆက် ဘိုးဘွားများလက်ထက်ကမွေးမြူသော ချိတ်နီဆိတ်မျိုးများကိုသာ အဓိကမွေးမြူကြောင်း၊ ဆိတ်မများသည်(၁)နှစ်လျင်(၂)သားတစ်ဗိုက်မွေးသောကြောင့် အကောင်ရေများများမွေးနိုင်ပါက အကျိုးအမြတ်များကြောင်း၊ ဆိတ်မအနေဖြင့် စတင်ကိုယ်ဝန်ဆောင်သော အရွယ်တွင်(၁)ကောင်သာ သားပေါက်ပြီး ဆိတ်ကြီးမ တစ်ကောင်လျင် (၂)ကောင်အထိ သားပေါက်ကြကြောင်း၊ အစောပိုင်းကာလများတွင် မွေးဆိတ်(၁)ကောင်လျင် (၇၅၀၀၀-၈၀၀၀၀-)ကျပ်အထိ ရောင်းချရကြောင်း၊ ဆိတ်ကြီးမ တစ်ကောင်လျင်(၁၀၀၀၀၀/)ကျပ်အထိ ရောင်းချရကြောင်း၊ မွေးဆိတ် (၁)ကောင်ကို ပြန်လည်ရောင်းချလျင် (၄၅၀၀၀-၅၀၀၀၀)ကျပ်ဈေး နှင့် ဆိတ်ကြီးမ တစ်ကောင်ကို (၇၀၀၀၀/)ကျပ်သာ ရောင်းချရကြောင်း၊ ဆိတ်ဝယ်ယူသူများမှာ ခန့်မှန်းဖြင့်သာဝယ်ယူရကြောင်း၊ ဆိတ်သားဈေးအနေဖြင့် လက်ရှိပေါက်ဈေး(၂၇၀၀၀/)ကျပ်ဖြင့် ရောင်းဝယ်လျက်ရှိ ကြောင်းသိရှိရပါသည်။ ဆိတ်ရောင်းဝယ်မှုတွင် ဈေးနှုန်းကျဆင်းသော်လည်း ဆိတ်မွေးဖွားနှုန်း ကောင်းမွန်သောကြောင့် အရှုံးမရှိသော်လည်း ဈေးနှိမ်ဝယ်ယူမှုမျိုးများမရှိပါက အကျိုးအမြတ်ပိုမိုရရှိလာနိုင်ကြောင်း၊ ဆိတ်အများဆုံးမွေးမြူသော အနောက်သာဂရကျေးရွာမှ ဆိတ်မွေးမြူသူတစ်ဦး၏ ပြောကြားချက်အရသိရှိရပါသည်။
DOCA(မန္တလေး)