“မကွေးတိုင်းဒေသကြီးအတွင်း စိန်တစ်လုံးသရက်သီး ဈေးကွက်ကောင်းသဖြင့် တိုးချဲ့စိုက်ပျိုးလာ”

Powered by Drupal

             သရက်အမျိုးအစားများထဲမှ အကောင်းဆုံးဟု သတ်မှတ်ခံထားရသော အသီးမှာစိန်တစ်လုံး သရက်သီးဖြစ်ပါသည်။ သရက်သီးတွင် ကိုယ်ခံအားကောင်းစေခြင်း၊ နှလုံးကျန်းမာရေးကိုအထောက် အကူပြုခြင်း၊ ဝမ်းချုပ်ခြင်းအားကာကွယ်ပေးခြင်း၊ အသားအရေစိုပြေဝင်းလက်စေခြင်း၊ အချို့သော ကင်ဆာရောဂါဖြစ်ပွားမှုများကိုလည်း လျှော့ချပေးနိုင်ပြီး ဗီတာမင်နှင့်သက်စောင့်ဓါတ်မျိုးစုံပါဝင်သောကြောင့် ကျန်းမာရေးအတွက် များစွာအထောက်အကူပြုသည့်အပြင် လူမျိုးဘာသာမရွေး ဆင်းရဲ/ ချမ်းသာမရွေး၊ လူတန်းစားအလွှာမရွေး ဝယ်ယူစားသုံးနိုင်သည့် ရာသီစာအသီးတစ်မျိုးလည်း ဖြစ်သည်။

          နှစ်စဉ်နှစ်တိုင်း သရက်သီးရာသီချိန်တွင် ရောင်းအားအကောင်းဆုံးနှင့် ပြည်ပတင်ပို့မှုအများဆုံး သရက်မှာ စိန်တစ်လုံးသရက်မျိုးဖြစ်ပြီး ပေါ်ဦးပေါ်ဖျားကာလများတွင် စိန်တစ်လုံး သရက်သီး (အကြီး)၏ ဈေးနှုန်းမှာ တစ်လုံးလျှင်(၈၀ဝိ/-)ခန့်အထိ ဈေးကောင်းရရှိခဲ့ခြင်း၊ နောက်ပိုင်းတွင် သရက်သီးလှိုင်လှိုင်ပေါ်လာသည်နှင့်အမျှ စိန်တစ်လုံးသရက်သီးမှာ(အကြီး) တစ်လုံးလျှင်(၅၀ဝိ/-) ခန့်သို့ ဈေးလျော့နည်းလာပြီး ယခု မေလလယ်သို့ရောက်ရှိချိန်တွင် စိန်တစ်လုံး(ကြီး) တစ်လုံး(၃၀ဝိ/-) ခန့်သို့ ဈေးကျဆင်းလာသည်များကိုတွေ့ရသည်။ သရက်သီးရာသီချိန်သို့ရောက်ရှိလာချိန်တွင် ဈေးကွက်ဝင် ဈေးကောင်းရသရက်သီးမှာ ယေဘူယျအားဖြင့် စိန်တစ်လုံးသရက်သီးဖြစ်သောကြောင့် မိုးဦးကျစ ကာလများတွင် ပျိုးပင်ပေါက်ရောင်းချသူများမှာလည်း စိန်တစ်လုံးသရက်ပျိုးပင်များကို ပိုမိုရောင်းချရ ကြောင်း လေ့လာသိရှိရပါသည်။ ပျိုးပင်ပေါက်ရောင်းချရာ၌ စိန်တစ်လုံးအပင်ပေါက် တစ်ပင်လျှင် ငွေကျပ်(၁၀၀၀မှ ၁၅၀၀ကျပ်အထိ) ဈေးရှိကြောင်းလည်း သိရသည်။

            မကွေးမြို့ပတ်ဝန်းကျင်ကျေးရွာများမှာ ပဲမျိုးစုံနှင့်ဆီထွက်သီးနှံများ စိုက်ပျိုးရာတွင် ရာသီဥတု ဖောက်ပြန်ခြင်း၊ လယ်ယာလုပ်သားရှားပါးခြင်းနှင့် သွင်းအားစုတန်ဖိုးမြင့်မားခြင်းတို့ကြောင့် နှမ်း၊မြေပဲ စိုက်ပျိုးသည့်ယာခင်းများ၌ပင် စိန်တစ်လုံးသရက်ပင်များကို အနည်းဆုံး(၂)ဧကမှ အများဆုံး (၄/၅)ဧကများအထိ ရောနှောစိုက်ပျိုးလာကြကြောင်း လေ့လာသိရှိရပါသည်။

DOCA(မကွေး)