“ ရွှေဘိုပေါ်ဆန်းနှင့်အပြိုင် ဈေးကောင်းရနေပြီး ပြည်တွင်းစားသုံးမှုမြင့်မားသည့် မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်မှ ကုန်းဇောင်းဧရာပဒေသာဆန်”

Powered by Drupal

       ပွင့်ဖြူမြို့သည် မင်းဘူးခရိုင်၊ မုန်းမြစ်လက်ျာဘက်ကမ်းပေါ်တွင် တည်ရှိပြီး မင်းဘူး-ဆိပ်ဖြူ ကားလမ်းပေါ်၊ မင်းဘူးမြို့၏မြောက်ဘက် (၂၄)မိုင်ခန့်အကွာအဝေးတွင် တည်ရှိသည်။မြို့၏ အကျယ် အဝန်းမှာ အရှေ့မှအနောက်သို့ (၄)ဖာလုံ၊ တောင်မှမြောက်သို့ (၃)ဖာလုံခန့်ရှိသည်။ပွင့်ဖြူမြို့နယ်၏ လူဦးရေမှာ ၂၀၁၉ စက်တင်ဘာလကုန်ထိ ကျေးလက်နေအိမ်ခြေ (၃၉၃၇၇)၊ ကျေးလက်နေလူဦးရေ (၁၇၄၉၁၄ )ခန့်ရှိပြီး  မြို့နေအိမ်ခြေ (၁၃၂၇)ခန့်ရှိပြီး မြို့နေလူဦးရေ(၆၄၇၆)ဦးခန့်ရှိသည်။ ကချင်၊ ချင်း၊ ဗမာ၊ ရခိုင် လူမျိုးများနေထိုင်ပြီး အများအားဖြင့် ဗမာလူမျိုးများနေထိုင်သည်။ မြို့နယ်၏ အဓိက လုပ်ငန်းမှာ လယ်ယာစိုက်ပျိုးရေးဖြစ်၍ မုန်းချောင်းမှ ဆည်မြောင်းများသွယ်ဖောက်ရေသွင်း၍ စိုက်ပျိုးကြပါသည်။ လယ်ဧကပေါင်း (၈၃၀၀) ကျော်ကို ရေပေးသွင်းစိုက်ပျိုးလျှက်ရှိပြီး လယ်မြေများမှ စပါးအများဆုံးထွက်ရှိပါသည်။ ဆည်ရေမရသောမြေများကို ယာအဖြစ်အသုံးပြု၍ နှမ်း၊ ပဲ၊ ပြောင်း၊ တို့ကိုစိုက်ပျိုးကြသည်။

       ပွင့်ဖြူမြို့ဟုခေါ်တွင်ရခြင်းမှာ ဤမြို့နေရာ၌ ဖိုခနောက်ဆိုင်တည်ရှိခဲ့သော ကွေ့ရွာ၊ သရက် ကျင်း နှင့် သနပ်ကုန်း စသောရွာကြီးသုံးရွာ ပေါင်းစပ်ပြီးနောက် မြို့ဖြစ်လာရာတွင် ယင်းဒေသ၌ ရှိသော လက်ပံပင်ကြီးတစ်ပင်သည် အဖြူပွင့်များသာဖူးပွင့်သည်ကို အစွဲပြု၍ ခေါ်ဆိုကြကြောင်း သိရှိရပါ သည်။ပွင့်ဖြူမြို့သည် မုန်းမြစ်မှရေကို အလွယ်တကူရရှိသည့်အတွက် မြို့မှာသစ်ပင်/ဝါးပင်တို့ဖြင့် စိမ်းလန်းစိုပြေလျှက်ရှိသည်။ မင်းဘူးခရိုင်အတွင်းရှိ အခြားမြို့နယ်များနှင့်နှိုင်းယှဉ်လျှင် ပွင့်ဖြူမြို့သည် မြို့ငယ်လေး တစ်မြို့သာဖြစ်သော်လည်း ဆန်စပါးအများဆုံးထွက်ရှိ၍ လူဦးရေလည်း အများဆုံးဖြစ် သည်။

      စပါးစိုက်ပျိုးမှုနှင့်ပက်သက်၍ ဧရာဝတီမြစ်၏ အနောက်ဖက်ခြမ်းဒေသဖြစ်သော မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ်နှင့် စလင်းမြို့နယ်တို့တွင် ဆည်ရေသောက်ဧရိယာရှိခြင်း၊ စပါးစိုက်ပျိုးရန် မြေဆီ မြေနှစ်ရှိသော လယ်မြေများ အသင့်အတင့်ရှိခြင်းတို့ကြောင့် ရှေးမြန်မာမင်းများ လက်ထက်ကတည်းက စကုဒေသထွက်ဗျတ်စပါးမှာ နန်းတွင်းသုံးစပါးအဖြစ် စိုက်ပျိုးထွက်ရှိခဲ့ရာ “ မယားတခုလပ်၊ စပါး စကုဗျတ်” ဟူ၍ စာဆိုရှိခဲ့ကြောင်း၊ ပွင့်ဖြူမြို့နယ်၊ ကုန်းဇောင်းဒေသမှ ထွက်ရှိသည့် ဧရာပဒေသာ ဆန်အမျိုးအစားမှာ အရည်အသွေးကောင်းမွန်ပြီး ပြည်တွင်းစားသုံးမှုအနေဖြင့် လူကြိုက်များလာသဖြင့်  ဒေသတွင်းစားသုံးမှုအပြင် မန္တလေးတိုင်း၊ နေပြည်တော်၊ တပ်ကုန်းဒေသများအထိပါ ဈေးကွက်ရောက်ရှိလာပြီး လူကြိုက်များသောဆန်အဖြစ် ဈေးကောင်းရလျှက်ရှိကြောင်း သိရှိရပါသည်။

        မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်(ကုန်းဇောင်း) ဒေသထွက်ဧရာပဒေသာဆန် (ဧရာမင်း) ဆန်ကို ဈေးကွက်တွင် (၂၀၁၁) မှစ၍ ဈေးကွက်ထိုးဖောက်နိုင်ခဲ့ပြီး တစ်နှစ်ထက်တစ်နှစ် အရည်အသွေး မြှင့်တက်လာခဲ့သည်။ အထွက်စပါး/ ဆန် ဈေးနှုန်းမှာလည်း တစ်နှစ်ထက်တစ်နှစ်မြင့် တက်လာပြီး ဆီးချို/သွေးချိုရှိသူများမှလည်း ပေါ်ဆန်းနေရာတွင် အစားထိုးသုံးလာသည့်အတွက် စားသုံးမှုမြင့် တက်လာကာ ယခု၂၀၂၂ ခုနှစ်၊ မေလတွင် ပွင့်ဖြူကုန်းဇောင်း ဧရာပဒေသာ(မိုးစပါး) တင်း(၁၀၀)လျှင် (၁၅)သိန်း၊ ဆန်သစ်(၁)အိတ်(၆၃၀၀ဝိ/-)ခန့် ပေါက်ဈေးရှိကြောင်းလည်း သိရှိရ ပါသည်။

        မကွေးတိုင်းဒေသကြီးမှ ထွက်ရှိသည့် ဧရာပဒေသာစပါးကို (GI) ရရှိရေးဆောင်ရွက်မည်ဆိုပါက ပွင့်ဖြူမြို့နယ်၊ ကုန်းဇောင်းဒေသထွက် ဧရာပဒေသာဆန်မှာ အရည်အသွေးအကောင်းဆုံးဟု လူသိများ သော်လည်း ကုန်းဇောင်းဒေသတစ်ခုတည်းနယ်မြေသတ်မှတ်ပါက နယ်မြေဧရိယာကျဉ်းပြီး စိုက်ဧက အနေဖြင့်လည်း (၁၅၉၀၀)ဧကခန့်သာရှိသည့်အတွက် ကုန်းဇောင်းဒေသထွက်စပါးကဲ့သို့ အရည်အသွေး လက်ခံနိုင်သည့် ဧရာပဒေသာစပါးစိုက်ပျိုးသော ပွင့်ဖြူမြို့နယ်၊ စလင်းမြို့နယ်နှင့် မင်းဘူး(စကု) မြို့နယ်များရှိ အိုင်းမဆည်၊ မဲဇလီရေလွှဲဆည်နှင့် လင်းဇင်းရေလွှဲဆည်ရေသောက် ဧရိယာများရှိ ဧရာပဒေသာစပါးစိုက်ဧကများကို ပေါင်းစည်းလျှင် ဧရာပဒေသာစပါးစိုက်မြို့နယ် (၃)မြို့နယ်ကို အခြေခံ၍ စိုက်ဧက(၁၁၀၀၀) ကျော်စုစည်းနိုင်မည်ဖြစ်၍ “ကုန်းဇောင်း ဧရာပဒေသာ” ဟူသော နာမည်ထက် မြို့နယ်(၃)ခုကို အခြေခံသည့် ဒေသကိုယ်စားပြုနိုင်မည်ဖြစ်ပြီး (GI) ရရှိရေး ဆောင်ရွက် သင့်ပါသည်။ သို့မှသာ ရွှေဘိုပေါ်ဆန်းမွှေးကဲ့သို့ အရည်အသွေးထိန်းသိမ်းနိုင်မှု/ စိုက်နည်း ပျိုးစနစ်၊ မျိုးစေ့ထုတ်လုပ်မှု၊ ကြိတ်ခွဲထုတ်လုပ်မှု၊ ဈေးကွက်ထိုးဖောက်နိုင်မှုတို့ဖြင့် အရည်အသွေး ကောင်းမွန်ပြီး ဈေးကွက်ခိုင်မာရေးကို ရေရှည်ထိန်းသိမ်းနိုင်မည်ဖြစ်ပါသည်။

         မကွေးတိုင်းဒေသကြီးအတွင်း တောင်တွင်းကြီး၊ မြို့သစ်၊ မင်းဘူး(စကု)၊ စလင်း၊ ပွင့်ဖြူမြို့နယ် များတွင် ဧရာပဒေသာ(ဧရာမင်း)စပါးကို စိုက်ပျိုးကြသော်လည်း ပွင့်ဖြူဒေသမှ ထွက်ရှိသည့် စပါး/ ဆန်၏ အရည်အသွေးမှာ အကောင်းဆုံးဖြစ်ကြောင်းလည်း လေ့လာ သိရှိရပါသည်။

         မကွေးတိုင်းဒေသကြီးတွင် အများဆုံးစိုက်ပျိုးသည့် ဆင်းသုခ၊ မနောသုခ၊ ပေါ်ဆန်းယဉ်နှင့် ဧရာပဒေသာမျိုးများကို မျိုးယှဉ်ပြိုင်စိုက်ပျိုးခဲ့ရာတွင် ပေါ်ဆန်းယဉ်နှင့် ဧရာပဒေသာစပါးမျိုးမှာအလေအလွင့်နည်းပြီး ဆန်အရည်အသွေးကောင်းမွန်ကြောင်း၊ ဧရာပဒေသာစပါးမှာ ပေါ်ဆန်းယဉ်နှင့် ယှဉ်ပါက  Eating Quality ပိုမိုကောင်းမွန်သော်လည်း ရာသီဥတု ဖောက်ပြန်၍ မိုးရွာခြင်း၊ လေတိုက်ခြင်းများ ဖြစ်ပေါ်ပါကအပင်ယိုင်လဲမှုရှိ၍ ကောက်ရိတ်စက်ဖြင့်ရိတ် သိမ်းရာတွင် အလေအလွင့် ရှိကြောင်း လေ့လာသိရှိရပါသည်။ ထို့ပြင် ပွင့်ဖြူ၊ကုန်းဇောင်းနယ်မှ တောင်သူအများစုသည် ထွက်ရှိသောစပါးများမှ မျိုးချန်၍ မစိုက်ပျိုးကြဘဲ ကျောက်ဆည်၊ ပုသိမ်ကြီး၊ မှော်ဘီတို့မှ RS မျိုးများကိုဝယ်ယူ၍ စိုက်ပျိုးကြကြောင်း၊ မင်းဘူးခရိုင်တွင် ဧရာပဒေသာ(ဧရာမင်း) စပါးမျိုး ရောင်းချ သည့် ကုမ္ပဏီ၊ မျိုးစေ့အရောင်းဆိုင် အများအပြားရှိသော်လည်း တာဝန်ခံမှုရှိသည့် မျိုးစေ့ကုမ္ပဏီများမှ စပါးမျိုးစေ့များကိုသာ ဝယ်ယူစိုက်ပျိုးကြကြောင်း သိရှိရပါသည်။

           (၂၀၁၁) ခုနှစ်တွင် ဧရာပဒေသာဆန်ကို ဈေးကွက်စတင်ထိုးဖောက်ချိန်က ဆန်ကုန်သည် အများစုမှာ ဧရာပဒေသာဆန်၏ Eating Quality မှာ ဈေးကွက်အတွင်းရှိ အခြား စပါး/ ဆန်များ၏ အရည်အသွေးနှင့်မကွာကြောင်း၊ ကုန်းဇောင်းဒေသထွက် ဧရာပဒေသာဆန်၏ အရည်အသွေးကို ထိန်းနိုင်ရန်မှာ စပါးအရည်အသွေးအဓိကကျ၍ ဧရာပဒေသာစပါးမျိုးသန့်ရရှိရေးအတွက် ရေဆင်းရှိ စိုက်ပျိုးရေးသုတေသနဌာနနှင့် ချိတ်ဆက်ခဲ့ကြောင်း၊ မိုးစပါးအဖြစ် ဧရာမင်းကို စိုက်ပျိုးပြီး နွေစပါးကို ရတနာတိုးနှင့် သီးထပ်ရင်တို့ကို စိုက်ပျိုးကြသည့်အတွက် တောင်သူထွက်ရှိသည့်စပါးကို မျိုးချန်ပါကမျိုးမသန့်နိုင်သည့်အပြင် အထွက်နှုန်းကျဆင်းနိုင်သည်ကို တောင်သူများသိရှိလာသည့်အတွက် RS စပါး မျိုးကိုသာ ဝယ်ယူစိုက်ပျိုးလာကြကြောင်း၊ မျိုးစေ့ဈေးနှုန်းမှာ ပြင်ပစပါးပေါက်ဈေးပေါ်မူတည်၍ ဈေးနှုန်းအပြောင်းအလဲရှိကြောင်းသိရှိရပါသည်။ ကုန်းဇောင်းဧရာပဒေသာဆန်ကို ဆီးချို၊ သွေးချို သမားများ စားသုံးမှုများလာသည့်အတွက် ပြည်ပတင်ပို့နိုင်ရေး ဆောင်ရွက်ရန်လိုအပ်ပါသည်။

          မင်းဘူးခရိုင် ပွင့်ဖြူ၊ စလင်းမှ ထွက်ရှိသည့် ဧရာပဒေသာဆန်မှာ ပြည်တွင်းစားသုံးမှု တစ်စ တစ်စများလာပြီး အခြားဒေသများသို့ တင်ပို့ရောင်းချနေရသည်ဖြစ်ရာ ယခုနှစ် တောင်သူများ၏ စိုက်ပျိုး ထုတ်လုပ်မှုအောက် ဈေးနှုန်းကျဆင်းခဲ့၍ ပဲခူး၊ ဧရာ၀တီ၊ ရန်ကုန်တိုင်းတို့တွင် အခြေခံစပါးနှုန်း ငါးသိန်းသတ်မှတ်၍ ဝယ်ယူရသည့် အခြေအနေ၌ပင် မကွေးတိုင်းဒေသကြီးထွက် ဧရာပဒေသာစပါးမှာ (၈)သိန်းခွဲမှ (၁၅)သိန်းအထိ ဈေးနှုန်းများ ဖြစ်ပေါ်လျှက်ရှိပါသည်။ ပွင့်ဖြူမြို့ ကုန်းဇောင်းထွက် ဧရာပဒေသာစပါးမှာ ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်တွင် စပါးတစ်တင်း(၁၁၀၀ဝိ/)၊ ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်တွင် စပါးတစ်တင်း(၁၁၀၀ဝိ/-)၊ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်တွင် စပါးတစ်တင်း(၁၀၅၀ဝိ/-)၊ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် စပါးတစ်တင်း(၁၂၀၀ဝိ/-)၊ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် စပါး တစ်တင်း(၁၄၀၀ဝိ/-)၊ ယခု ၂၀၂၂ ခု၊ မေလတွင် စပါးတစ်တင်း(၁၅၀၀ဝိ/-) ဖြင့် ဈေးကောင်း ရလျှက်ရှိပါသည်။

          သို့ဖြစ်ပါ၍ စားသုံးသူများ ပိုမိုးကြိုက်နှစ်သက်သည့် ဧရာပဒေသာစပါးကို ဒေသဆိုင်ရာအညွှန်း (GI)ရရှိရေး အလွှာစုံပါဝင်သောအဖွဲ့ဖြင့် ဆောင်ရွက်၍ စပါးအရည်အသွေးထိန်းပြီး ပြည်တွင်း၌သာမက ပြည်ပသို့ပါ ဈေးကွက်ချဲ့ထွင် တင်ပို့နိုင်ပါက တောင်သူများဝင်ငွေတိုးတက်လာပြီး တိုင်းပြည် ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ပါကြောင်းနှင့် မကွေးတိုင်းဒေသကြီး ပွင့်ဖြူ(ကုန်းဇောင်း)ထွက် ဧရာပဒေသာ စပါး/ဆန် အရည်အသွေးကို ထိန်းသိမ်းနိုင်ရေးနှင့် တိုးချဲ့စိုက်ပျိုးနိုင်ရေး၊ ပြည်တွင်းစားသုံးမှု သာမက ပြည်ပ ဈေးကွက်သို့ ထိုးဖောက်နိုင်သော ဈေးကွက်ခိုင်မာသည့် ဒေသတစ်ခုဖြစ်ပေါ်လာစေရေး ရေးသားတင်ပြလိုက်ရပါသည်။

DOCA(မကွေး)