ရုံးပတီသီးနှံ စိုက်ပျိုးခြင်းဖြင့် အကျိုးအမြတ်ရရှိ

Powered by Drupal

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်တွင် လယ်ယာစိုက်ပျိုးရေးလုပ်ငန်းများကို      အဓိကထား လုပ်ကိုင်ကြပြီး  ပဲ၊ ပြောင်း၊ နှမ်း စသည့်သီးနှံများ စိုက်ပျိုးသည့်အပြင် စားဖိုဆောင် သီးနှံများကိုလည်း ရာသီအလိုက် စိုက်ပျိုးလျက်ရှိရာ ရုံးပတီသီး သီးနှံကိုလည်း စီးပွားဖြစ် စိုက်ပျိုး ကြကြောင်း သိရသည်။

          ရုံးပတီသီးမျိုးပင်ကို ရာသီမရွေးစိုက်ပျိုးနိုင်ပြီး မျိုးအနေဖြင့် ပင်ပုမျိုး၊ ပင်လတ်မျိုး၊ ပင်မြင့်မျိုးများဖြစ်ပြီး ပင်မြင့်မျိုး ရုံးပတီမျိုးကို အများဆုံး စိုက်ပျိုးကြကြောင်း၊ တစ်ဧကလျှင် မျိုးစေ့ ၁၂ ထုပ် စိုက်ပျိုးရပြီး စိုက်ပျိုးမှု ကုန်ကျစရိတ်အနေဖြင့် မျိုး၊ သွင်းအားစု၊ လုပ်သားခ အပါအဝင် စုစုပေါင်း ငွေကျပ် ၁၀ သိန်းခန့် ကုန်ကျကြောင်း၊ ရုံးပတီသီးနှံကို စိုက်ပျိုးပြီး ၄၅ ရက်အကြာတွင် စတင်ခူးဆွတ်ရ၍ တစ်ရက်ခြား တစ်ကြိမ် ခူးဆွတ်လျက်ရှိရာ သက်တမ်းအနေဖြင့် ၂ လထိ ခူးဆွတ်ရကြောင်း၊ အထွက်နှုန်းအနေဖြင့် တစ်ဧကလျှင် ရုံးပတီသီးပိဿာချိန် ၁၃၀၀ မှ ၁၈၀၀ ခန့် ထွက်ရှိပြီး ဈေးနှုန်းအနေဖြင့် လက်ကားဈေး တစ်ပိဿာလျှင် ငွေကျပ် ၂၀၀၀-၂၂၀၀၊ လက်လီဈေး တစ်ပိဿာလျှင် ငွေကျပ် ၂၈၀၀ ဈေးနှုန်းများဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ အကျိုးအမြတ်အနေဖြင့် တစ်ဧကလျှင် ငွေကျပ် (၂၈) သိန်းခန်ရရှိပြီး ဈေးကွက်အနေဖြင့် ကုန်စိမ်းပွဲစားများမှာ စိုက်ခင်းအထိ လာရောက် ဝယ်ယူကြကြောင်း၊ ရုံးပတီပင်သည် ရာသီမရွေးစိုက်ပျိုးနိုင်ပြီး ဈေးကောင်းရရှိ သည့်အတွက် တောင်သူများအနေဖြင့် အကျိုးအမြတ်များ ပိုမိုရရှိကြောင်း တောင်သူ တစ်ဦးထံမှ သိရသည်။

DOCA(စစ်ကိုင်း)